ကြာအင်းဆိပ်ကြီး ဇူလိုင် ၁၃
အသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ကူးစက်မြန် ကမ္ဘာ့ကပ်ရောဂါ ဆက်လက်ဖြစ်ပွားနေမှု အခြေအနေအရ မြန်မာနိုင်ငံတွင်လည်း ကိုဗစ်-၁၉ ကူးစက်ပြန့်ပွားမှုရောဂါ တတိယလှိုင်းအသွင် စတင်ဖြစ်ပွားနေပြီဟု သုံးသပ်ရပြီး မျိုးဗီဇပြောင်းလဲလာသောရောဂါပိုး (ကူးစက်ပိုး)ဝင်ရောက်ပြန့်နှံ့မှုများ ရှိနေကြောင်း ဓာတ်ခွဲစမ်းသပ်အတည်ပြုချက်များအရ သိရကြောင်း သိရသည်။
အဆိုပါကိုဗစ်-၁၉ ကူးစက်ပြန့်ပွားမှုရောဂါအား ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ်တွင်လည်း ဇွန်လ(၂၈)ရက်နေ့မှစတင်ကာ ရောဂါပိုးတွေ့ရှိသူ အတည်ပြုလူနာများတွေ့ရှိလျက်ရှိပြီး ဇူလှိုင်လ(၁၂)ရက်နေ့ ယမန်နေ့က ရောဂါပိုးတွေ့ရှိသူ အတည်ပြုလူနာ(၁၀)ဦး ထပ်မံတွေ့ရှိရကြောင်းသိရသည်။
ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်း၌ ဇွန်လ(၂၈)ရက်နေ့မှ ဇူလိုင်လ(၁၂)ရက်နေ့အထိ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ အတည်ပြုလူနာ စုစုပေါင်း(၃၆)တွေ့ရှိရပြီး ကုသပျောက်ကင်းပြီးဆေးရုံဆင်းသူ(၁၂)ဦး ဆေးရုံ တက်ကုသဆဲလူနာ (၂၄)ဦး ကျန်ရှိပြီး မြို့နယ်ပြည်သူ့ဆေးရုံတွင် ဆေးကုမှုများဆက်လက်ခံယူလျက်ရှိကြောင်းနှင့် အဆိုပါအတည်ပြုလူနာများနှင့် ထိတွေ့ခဲ့သူများအားလုံးကို Home Quarantine ထားရှိကာ အသွားအလာများနှင့် ရောဂါလက္ခဏာများအား အထူးကြပ်မတ် စောင့်ကြပ်ကြည့်ရှုလျက်ရှိကြောင်း သိရသည်။
မြို့နယ်အတွင်းအတည်ပြုလူနာများ ဆက်လက်တွေ့ရှိရပြီးနောက် ဒေသအတွင်း ကိုဗစ်-၁၉ကူးစက်ရောဂါ ပြန့်နှံ့မှု ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ ကိုဗစ်-၁၉ စည်းကမ်းထိန်းသိမ်းရေး အဖွဲ့များမှ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များ စည်းမျဉ်းစည်းကမ်းသတ်မှတ်ချက်များအား ဒေသခံမိဘ ပြည်သူများနှင့်ခရီးသွားလာမိဘပြည်သူများအား လိုက်နာမှု ရှိ၊မရှိနှင့် လိုက်နာနိုင်စေရေးတို့အတွက် အသိပညာပေးခြင်းလုပ်ငန်းများနှင့် စိစစ်ကြပ်မတ် ဆောင်ရွက်ခြင်းများကို အထူးကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မျိုးမင်းဦး