ဟိုပန်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ အတည်ပြုလူနာ(၂)ဦး ထပ်မံတွေ့ရှိ

ဟိုပန် ဇူလိုင် ၁၃

“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့နယ်၊ ပန်လုံမြို့၊ အမှတ်(၈)ရပ်ကွက်ရှိ လျှပ်စစ် ဝန်ထမ်းအိမ်ရာတွင်နေထိုင်သူ အမျိုးသားတစ်ဦးသည် အနံ့ပျောက်ကြောင်းသိရှိ၍ ဟိုပန်မြို့နယ် ပြည်သူ့ဆေးရုံသို့ လာရောက်ပြီး RDT Test Kit ဖြင့်စစ်ဆေးရာ ကိုဗစ်-၁၉ (Positive) တွေ့ရှိခဲ့သည်။

အတည်ပြုလူနာနှင့်ထိတွေ့ဆက်စပ်သူ(၄)ဦးအား ဆက်လက်ရှာဖွေဖော်ထုတ်၍ စစ်ဆေးခဲ့ရာ ၎င်း၏ဇနီးထံတွင်လည်း ကိုဗစ်-၁၉ရောဂါ (Positive) တွေ့ရှိခဲ့ပြီး ကျန်(၃)ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးမတွေ့ရှိရကြောင်း သိရသည်။

အဆိုပါကိုဗစ်-၁၉ရောဂါ ထပ်မံကူးစက်ခံသူ(၂)ဦးအား ဟိုပန်မြို့နယ်ဆရာဝန်ကြီး၏ ကြီးကြပ် ဆောင်ရွက်မှုဖြင့် သီးခြားကုသမှုများ ဆောင်ရွက်ပေးလျက်ရှိကာ Negative တွေ့ရှိသူတစ်ဦးကို ဟိုပန်မြို့မအားကစားကွင်းတွင် Facility Quarantine ထားရှိ၍ ကျန်(၂)ဦးကို Home Quarantine ထားရှိကာ ၎င်းတို့၏ ခရီးသွားရာဇဝင်များနှင့် ထိတွေ့ဆက်စပ်မိသူများအား ရှာဖွေဖော်ထုတ်လျက် ရှိသည်။

“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့တွင် ဇူလိုင်လ(၁၂)ရက်နေ့အထိ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ(၂၄)ဦးရှိကာ ဆေးရုံမှဆင်းခွင့်ရသူ(၇)ဦးရှိပြီဖြစ်ကြောင်း သိရှိရသည်။

စိုင်းနိုင်လင်း