ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီ အစည်းအဝေးပြုလုပ်

ဒဂုံမြောက် ဇူလိုင် ၁၃
 
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအစည်း အဝေးကို ယမန်နေ့ နံနက် ၁၁ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန၌ ကျင်းပခဲ့ကြောင်း သိရသည်။
 
အစည်းအဝေးတွင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ ဦးညီညီအောင်က အဖွင့်အမှာစကား ပြောကြားရာတွင် ယခုအခါ ကိုဗစ်- ၁၉ ရောဂါ ကူးဆက်ခံရမှု များပြားလာသည့်အတွက် ကိုဗစ်-၁၉ ရောဂါကို ထိန်းချုပ်နိုင်ရန်၊ ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက် ရန်နှင့် ပတ်သက်၍ မြို့မိမြို့ဖများ၊ ကော်မတီအဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့များ ပူးပေါင်းညှိနှိုင်းဆောင်ရွက်ကြရန် ဆွေးနွေးပြောကြားသည်။
 
ဆက်လက်၍ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာတင်မူမြင့်က ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်နေရမှု အခြေအနေများ၊ မြို့နယ်ပညာရေးမှူး ဒေါ်နှင်းရည်က ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ရာတွင် ကျောင်းများ ဖွင့်လှစ်ဆောင်ရွက်ရမည့် အခြေအနေနှင့် တွေ့ကြုံ ရမှုများ၊ ရပ်ကွက်များမှ အုပ်ချုပ်ရေး မှူးများက မြေပြင်တွင် ဆောင်ရွက်ရ သည့် အခြေအနေတို့ကို တင်ပြဆွေးနွေးခဲ့ကြသည်။
 
ထို့နောက် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ဦးညီညီအောင်က တင်ပြမှုများအပေါ် အကြံပြုဆွေးနွေးပြောကြားပြီး ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်နိုင်ရန် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက် များနှင့်အညီ စားသောက်ဆိုင်များကို ပါဆယ်စနစ်ဖြင့် ရောင်းချရန်၊ မြို့နယ် အတွင်းရှိ စျေးများတွင် ဈေးရောင်း၊ ဈေးဝယ်များအနေဖြင့် သတ်မှတ် စည်းကမ်းချက်များအတိုင်း လိုက်နာဆောင်ရွက်နိုင်ရေး ကြပ်မတ်ဆောင်ရွက် သွားရန်တို့ကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
 
မြင့်မြင့်ရီ