သင်္ဃန်းကျွန်း ဇူလိုင် ၁၃
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင် ပြည်သူ့ဆေးရုံကြီးအနေဖြင့် လက်ရှိဖြစ်ပွားနေသော ကိုဗစ်-၁၉ ရောဂါ အန္တရာယ်အတွက် ပြင်ဆင် ဆောင်ရွက်ထားမှုနှင့် ဆေးရုံကြီးတွင် လက်ရှိ ကုသ ပေးနေသော ရောဂါ လက္ခဏများနှင့် ပတ်သက်၍ အကြောင်းအရာများကို ယမန်နေ့ မွန်းလွဲ (၃) နာရီ အချိန်က ရန်ကုန်အရှေ့ပိုင်းခရိုင် ပြည်သူ့ဆေးရုံကြီး၏ ဆေးရုံအုပ်ကြီး ဒေါက်တာ ခင်စိုးမိုးဝင်းနှင့် သွားရောက် တွေ့ဆုံမေးမြန်းခဲ့သည်။
ရှေးဦးစွာ ရန်ကုန်အရှေ့ပိုင်းခရိုင် ပြည်သူ့ဆေးရုံကြီးအနေဖြင့် ယခုလက်ရှိ ဆေးရုံကြီးလည်ပတ်နေမှု အခြေအနေအား မေးမြန်းရာမှာတော့ ရန်ကုန် အရှေ့ပိုင်းခရိုင် ဆေးရုံကြီး အနေဖြင့် ဆေးလာရောက် ကုသသော အရေးပေါ် လူနာများအတွက် အဓိကထားကုသဆောင်ရွက်ပေးလျက်ရှိပြီး ကိုဗစ်-၁၉ ရောဂါ လူနာများအတွက် မိမိတို့ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားသော အခန်းများတွင် အထူးကြပ်မတ် ကုသပေးလျက်ရှိကြောင်း သိရသည်။
ဆက်လက်၍ မျိုးရိုးဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါပိုးရဲ့ လက္ခဏာတွေက မည်သို့ရှိသနည်း၊ ကာကွယ် ဆေးထိုးပြီးသူတွေအနေဖြင့် ရောဂါကူးစက်ခံရ နိုင်ပါသလား၊ ကိုဗစ်-၁၉ ရောဂါ သံသယရှိပါက မည်သို့ ဆောင်ရွက်သင့် သလဲ အစရှိသည်တို့ကို ဆက်လက်မေးမြန်းရာ ဒေါက်တာခင်စိုးမိုးဝင်းက မျိုးရိုး ဗီဇပြောင်း ကိုဗစ်ရောဂါက အရင်ကိုဗစ်ရောဂါပိုးတွင် ဖြစ်ပေါ်တတ်သော လက္ခဏာတွေအပြင် ဝမ်းလျှောဝမ်းပျက်ခြင်း၊ ခြေလက်များ အရောင်ပြောင်း ခြင်းနှင့် မျက်စိနီခြင်းတို့ ဖြစ်တတ်ပြီး ကာကွယ် ဆေးထိုးပြီးသူများလည်း ရောဂါကူးစက်နိုင်ပြီး မိမိကိုယ်မိမိ ရောဂါသံသယရှိလာပါကလည်း မိမိ ပတ်ဝန်းကျင်ရှိ သက်ဆိုင်ရာ ဒေသန္တရ ကျန်းမာရေးဌာနတွေကို ဆက်သွယ်၍ လမ်းညွှန်မှုများအတိုင်း လိုက်နာဆောင်ရွက်သင့်သည်ဟု ပြောကြားခဲ့ကြောင်း သိရသည်။
ထို့ပြင် ရန်ကုန်အရှေ့ပိုင်းခရိုင် ဆေးရုံကြီးအနေဖြင့် လက်ရှိဖြစ်ပေါ်နေသော ရောဂါများနှင့် ကိုဗစ်-၁၉ ရောဂါ သံသယရှိသူများအတွက် ကုသခန်းတစ်ခုစီ တိုင်းအတွက် ဘေးကင်းလုံခြုံစိတ်ချမှုရှိစေရန် ပြင်ဆင်ဆောင်ရွက်ထားရှိပြီး အများပြည်သူကျန်းမာရေးအတွက် အထူးဂရုပြု ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။