ပူတာအို ဇူလိုင် ၁၂
ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်၊ ပမ္မတီးကျေးရွာအုပ်စု၊ နမ်ရှယ်-မလိခေါမ် ကျေးရွာကြားရှိ နမ်ရှယ်ချောင်းကူး ဘေလီသံဘောင် တံတားအား ကျေးလက် လမ်းဖွံ့ဖြိုးရေး ဦးစီးဌာန၏ ၂၀၁၉-၂၀၂၀ခု ဘဏ္ဍာရေးနှစ် ပြည်နယ် ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိရာ ယခုအခါ တံတားတည်ဆောက်မှု လုပ်ငန်းပြီးစီးနေပြီ ဖြစ်ပါသဖြင့် ဒေသအတွက် များစွာအကျိုးပြုနေပြီဖြစ်ကြောင်း သိရသည်။
ယင်းနမ်ရှယ်ချောင်းကူး ကွန်ကရစ်ခုံခံနှစ်လွှာ တစ်ထပ်သံဘောင် ဘေလီတံတား အရှည်ပေ(၂၄၀) အကျယ်(၁၄)ပေ တည်ဆောက်ခြင်းနှင့် ချဉ်းကပ်လမ်း အရှည်(၆၆၀)ပေ၊ အကျယ်(၃၀)ပေ၊ အမြင့်(၁၅)ပေ မြေဖို့ခြင်း လုပ်ငန်းများကို ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာန၏ ၂၀၁၉-၂၀၂၀ ခု ဘဏ္ဍာရေးနှစ် ပြည်နယ် ဘဏ္ဍာရန် ပုံငွေကျပ်သန်းပေါင်း (၅၉၉.၆၀၃)သန်းဖြင့် ၂၀၂၀ ခုနှစ်ဇန်နဝါရီလ (၂၈)ရက်နေ့မှ လုပ်ငန်းစတင် ဆောင်ရွက်ခဲ့ရာ ၂၀၂၀ ခုနှစ် စက်တင်ဘာလ (၃၀)ရက်နေ့တွင် လုပ်ငန်းရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးခဲ့ခြင်း ဖြစ်သည်။
နမ်ရှယ်ချောင်းကူး ဘေလီသံဘောင်တံတား တည်ဆောက်ပြီးစီးခြင်းကြောင့် ကျေးရွာသုံးရွာမှ အိမ်ခြေ (၂၄၅)အိမ်နှင့် လူဦးရေ(၁၀၀၆)ဦးတို့အတွက် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးနှင့် လမ်းပန်းဆက်သွယ်ရေး ကဏ္ဍများအတွက် များစွာအကျိုးပြု လျက်ရှိပြီး အဆိုပါတံတားမှ မော်တော်ဆိုင်ကယ်များနှင့် တန်(၂၀)အထိ ယာဉ်များ ဖြတ်သန်း သွားလာခွင့်ပြုထားကြောင်း သိရသည်။
အဆိုပါ မလိခေါမ်ကျေးရွာသည် စိုက်ပျိုးမြေကောင်းမွန်သောကြောင့် ဥယျာဉ်လုပ်ငန်းများ ဖြစ်ထွန်းလျက်ရှိပြီး ပူတာအိုဒေသ၏ နာမည်ကြီး ဂရိတ်ဖရုသီး၊ အမေရိကန်သံပရာသီး၊ ဘုရင်သီးနှင့် အခြားသီးနှံများ ထွက်ရှိသော ကျေးရွာဖြစ်သည်။
ယခင်က နမ်ရှယ်ချောင်းကူးကြိုးတံတားမှ ဒေသထွက်သီးနှံများကို ခက်ခဲစွာဖြင့် ပူတာအိုမြို့သို့ ပို့ဆောင်ခဲ့ရပြီး ယခုအခါ နမ်ရှယ်ချောင်းကူး သံဘောင် ဘေလီတံတား ပြီးစီးသွားသဖြင့် ပူတာအိုမြို့ပေါ်သို့ အလွယ်တကူပို့ ဆောင်နိုင်ပြီ ဖြစ်ကြောင်း ပူတာအိုခရိုင် ကျေးလကိလမ်းဖွံ့ဖြိုးရေး ဦးစီးဌာန ခရိုင်ဦးစီးမှူး ဦး၀င်းသန့်အောင်ထံမှ သိရသည်။
ခရိုင်ပြန်/ဆက်(ပူတာအို)