တနင်္သာရီ ဇူလိုင် ၁၂
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ် COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးနိုင်၏ ဦးဆောင်ကြီးကြပ်မှုဖြင့် ယနေ့နံနက် ၇နာရီအချိန်က (COVID-19) ရောဂါတားဆီးကာကွယ်ရေးအတွက် (Mask) မတပ်ဘဲ နေအိမ်ပြင်ပ ထွက်ခွာသွားလာနေသူများအား စစ်ဆေးဒဏ်ရိုက်၍ အသိပညာပေးခြင်းကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ ဒုဦးစီးမှူး ဦးမျိုးပြည့်ထွန်းနှင့် ဝန်ထမ်းများ၊ တနင်္သာရီမြို့မစခန်းမှ ဒုရဲအုပ်ကျော်သူဝင်းနှင့် ရဲတပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဦးစီးဌာနမှ ကြီးကြပ်(၂) ဦးရန်ပိုင်ဖြိုးနှင့် ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးကျော်စိုးအောင်နှင့် ဝန်ထမ်းများ၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းတာဝန်ခံ ဒေါ်စီစီသန်း၊ စိုက်ပျိုးရေးဦးစီးဌာနမှ လက်ထောက်ဦးစီးမှူး ဒေါ်နွေးနွေးဦးနှင့် ချောင်းငယ်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမြင့်ကို တို့ ပူးပေါင်းပါဝင်သောအဖွဲ့က ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။
ယင်းသို့ စစ်ဆေးရာတွင် ကိုဗစ်-၁၉ ကူးစက်မြန် တတိယလှိုင်းမျိုးရိုးဗီဇ ကူးစက်ပျံ့ပွားမှုနှုန်း မြန်နေသည့် အချိန်တွင် မြို့နယ်အတွင်း (COVID-19)ရောဂါ ကူးစက်ပျံ့ပွားမှု တားဆီး ကာကွယ်ရေး အတွက် ချောင်းငယ်ရပ်ကွက်၊ အောင်မင်္ဂလာဈေးအရှေ့နေရာတွင် စောင့်ဆိုင်းပြီး နေအိမ်ပြင်ပသို့ ခရီးထွက်ခွာသွားလာနေသူများအား တစ်ဦးလျှင် (၅၀၀)ကျပ်နှုန်းဖြင့် ဒဏ်ငွေရိုက်ပြီး (Mask) (၂)ခုကို ပြန်လည်ပေးအပ်၍ ချက်ခြင်းစနစ်တကျ တပ်ဆင်စေခြင်းဖြင့် အသိပညာပေး လုပ်ငန်းစဉ်အဖြစ် ပြုလုပ်ခဲ့ရာ စုစုပေါင်း(၁၄)ဦးအား ပညာပေးဒဏ်ရိုက်ခဲ့ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက သတင်းရရှိသည်။
နန်းသာရီ~ထိန်ဝင်း