မလှိုင်မြို့နယ်၌ ကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူး ရုံးသစ်ဆောက်လုပ်ရန် ပန္နက်တင် မင်္ဂလာ အခမ်းအနားကျင်းပ

မလှိုင် ဇူလိုင် ၁၂

မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်၊ ရေထွက်ကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူး ရုံးသစ် ကိုယ့်အားကိုယ်ကိုး ဆောက်လုပ်ရန် ပန္နက်တင်မင်္ဂလာ အခမ်းအနားကို ယမန်နေ့က ရေထွက်ကျေးရွာ၊ ရွာလည် ရုံးမြေနေရာ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ရပ်မိရပ်ဖများနှင့် တွေ့ဆုံရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက် က အုပ်ချုပ်ရေး ယန္တရား၏ အခြခံကျသော ရပ်/ကျေးရုံးများကို သီးခြားဖွင့်လှစ်နိုင်ဖို့ ခေတ်အဆက်ဆက်မှ ယနေ့ထိတိုင် ကြိုးစားဆောင်ရွက် လျက်ရှိကြောင်း၊ တိုင်း‌ဒေသကြီး ပြည်နယ်များတွင် ဘဏ္ဍာရန်ပုံငွေပေါ်မူတည်၍ ဘဏ္ဍာနှစ်အတွင်း တစ်ရုံး၊ နှစ်ရုံးသာစံညီ အဆောက်အဦများ ဆောက်ပေးလျက်ရှိကြောင်း၊ ယခုလို ကိုယ့်အားကိုယ်ကိုး ဆောက်ရွက်နိုင်သည့်အတွက် ဂုဏ်ယူပါကြောင်း၊ အဆောက်အဦ ပြီးစီးသွားပါက ကျေးရွာ တာဝန်ခံများနှင့် ညှိနှိုင်းဆွေးနွေးနိုင်ခြင်း၊ ကျန်းမာရေး စောင့်ရှောက်မှုနှင့် ပတ်သက်၍ ကာကွယ် ဆေးထိုးလုပ်ငန်းများ၊ ဒေသဖွံ့ဖြိုးရေး ဆွေးနွေးပွဲများအပြင် ရွေးကောက်ပွဲ ကာလတွင် ရပ်/ကျေး ကော်မရှင် ရုံးခွဲများထိပါ အသုံးပြုနိုင်သဖြင့် အရေးပါ အခြေခံကျသော ရုံးဖြစ်ကြောင်း ရှင်းလင်း ပြောကြားခဲ့သည်။

ထို့နောက် မင်္ဂလာအချိန်တွင် မြို့နယ်အုပ်ချုပ်‌ရေးမှူး ဦးစိုးမင်းထက် က အုပ်ချုပ်ရေးမှူး ရုံးသစ်၏ ဥရှုတိုင်ပန္နက်ကို စိုက်ထူပေးခဲ့ပြီး အမွှေးနံ့သာရည်များ ပက်ဖျန်းပေးခဲ့သည်။

ထို့နောက် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမျိုးနှင့် ရပ်မိ၊ရပ်ဖများက အဆောက်အဦး၏ ကျန်ပန္နက်တိုင်များကို စိုက်ထူပေးပြီး    အမွေးနံ့သာများ ဆွတ်ဖျန်းခဲ့ကြသည်။

အဆောက်အဦ အမျိုးအစားမှာ အလျား(၃ဝ)ပေ၊ အနံ(၂၂)ပေရှိ၍ သွပ်မိုး၊ ထရံကာ၊ အုတ်ခုံခံဖြစ်ပြီး  ကျေးရွာ ပြည်သူလူထု၏ စုပေါင်းထည့်ဝင် လှူဒါန်းငွေများဖြင့် အကောင်အထည်ဖေါ် ဆောက်လုပ် သွားမည်ဖြစ်ကြောင်း သိရသည်။

အောင်ဌေး(မလှိုင်)