မြိတ်မြို့တွင် မှတ်ပုံတင်မဲ့ မော်တော်ဆိုင်ကယ်များအား One Stop Service စီမံချက်ဖြင့် တရားဝင်မှတ်ပုံတင်စတင်ဆောင်ရွက်ပေး

မြိတ် ဇူလိုင် ၁၂

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် မှတ်ပုံတင်မဲ့မော်တော်ဆိုင်ကယ်များအား One Stop Service စီမံချက်ဖြင့် တရားဝင် မှတ်ပုံတင်ပြုလုပ်ပေးခြင်းကို ယနေ့ နံနက်ပိုင်းမှစတင်၍ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံးတွင် ဆောင်ရွက်ပေးလျက်ရှိသည်။

One Stop Service စီမံချက်ဖြင့် မော်တော်ဆိုင်ကယ်များအား ဥပဒေနှင့်အညီ တရားဝင်မှတ်ပုံတင်ပေး ခြင်းဖြင့် တရားမဝင်မော်တော်ဆိုင်ကယ်များ လျော့နည်းပပျောက်စေရေး၊ မော်တော်ဆိုင်ကယ်အသုံး ပြု၍ ပြစ်မှုကျူးလွန်မှုများအား ထိရောက်စွာ ဖော်ထုတ်အရေးယူနိုင်ရေး၊ ပြည်သူများ သွားလာ ပို့ဆောင်မှု အဆင်ပြေစေရေး၊ သယ်ယူပို့ဆောင်ရေးကဏ္ဍ တိုးတက်ဖြစ်ထွန်းစေရေး စသည့် ရည်ရွယ်ချက်များဖြင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

“မှတ်ပုံတင်မဲ့မော်တော်ဆိုင်ကယ်များအား ဇူလိုင်လ(၁၂)ရက်မှတစ်လတိတိ ဆောင်ရွက်ပေးသွားမှာဖြစ် ပါတယ်။ ဆိုင်ကယ်တွေ မှတ်ပုံတင်ဆောင်ရွက်ရာမှာ လိုအပ်ချက်က အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြား မူရင်း၊ မိတ္တူ၊ မော်တော်ဆိုင်ကယ်လိုပါတယ်။ မော်တော်ဆိုင်ကယ်က Road Safrty ဖြစ်ဖို့ ပစ္စည်းအပြည့်အစုံပါရမယ်။ ပြည့်စုံပြီဆိုရင် ပထမဆုံးရုံးမှာ ကိုဗစ်ညွှန်ကြားချက်နဲ့ အညီတန်းစီပြီး ဆိုင်ကယ်နံပါတ်ပေးမယ်။ ပြီးရင် ယာဉ်စစ်ဆေး၍ သက်ဆိုင်ရာဌာနများ၏ အခွန်တွေ သွင်းပြီး လိုင်စင်ထုတ်ပေးပါမယ်” ဟု ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန မြိတ်ခရိုင်ဦးစီးမှူး ဦးသန်းထွဋ်က ပြောသည်။

မှတ်ပုံတင်မဲ့ မော်တော်ဆိုင်ကယ်များအား (၂၀၁၄) ခုနှစ်အောက်မှ (၂၀၂၁) ခုနှစ်အထိ ထုတ်လုပ်သည့် နိုင်ငံအလိုက် အင်ဂျင်ပါဝါ (၁၁၀)စီစီနှင့် အောက်၊ (၁၁၁)စီစီမှ (၁၂၅)စီစီအထိ၊ (၁၂၆)စီစီမှ (၂၅၀)စီစီ အထိ အမျိုးအစားများကို သက်ဆိုင်ရာဌာနများအလိုက် ပေးသွင်းရမည့် အခွန်ကျသင့်ငွေများကို ပွင့်လင်းမြင်သာစွာ ဗီနိုင်းချပ်များဖြင့် ကြေညာထားရှိသည်။ One Stop Service စီမံချက်ဖြင့် တရားဝင် မှတ်ပုံတင်ပြုလုပ်ပေးခြင်းကို ရုံးဖွင့်ရက် နံနက်(၉)နာရီမှ ညနေ(၄)နာရီခွဲအထိ ဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း သိရသည်။

မော်တော်ဆိုင်ကယ်များအား မှတ်ပုံတင်ဆောင်ရွက်ပေးရာတွင် မှတ်ပုံတင်သက်တမ်း တစ်ဆက်တည်း (၅)နှစ်ကျော်နှစ်ပြတ် မော်တော်ဆိုင်ကယ်များနှင့် Road Safety မဖြစ်သည့် မော်တော်ဆိုင်ကယ်များကို မှတ်ပုံတင် ခွင့်မပြုကြောင်း၊ ပြည်သူများအား တရားမဝင်မှတ်ပုံတင်မဲ့ မော်တော်ဆိုင်ကယ်များကို ဝယ်ယူအသုံးပြုခြင်း မပြုကြရန်နှင့် တရားဝင်အခွန်ပေးဆောင်ပြီး တင်သွင်းရောင်းချသော မော်တော် ဆိုင်ကယ်များကိုသာ ဝယ်ယူ၍ တရားဝင်မှတ်ပုံတင်ပြီးမှသာ စီးနင်းအသုံးပြုကြရန် ကုန်းလမ်း ပို့ဆောင်မှုညွှန်ကြားမှုဦးစီးဌာနမှ အသိပေးကြေညာထားရှိကြောင်း သိရသည်။

ခိုင်ထူး