မိုင်းခတ် ဇူလိုင် ၁၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းခတ်မြို့နယ်၌ မြို့နယ် စည်ပင်သာယာရေး နယ်နိမိတ်အတွင်းတွင် ဖွင့်လှစ်ရောင်းချနေသည့် စားသောက်ဆိုင်များအား ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ် ကုသနိုင်ရေး အတွက် ဆိုင်ထိုင်ရောင်းချခြင်းအစား ပါဆယ်စနစ် (Take Away) ဖြင့်သာ ရောင်းချရမည်ဟု ယမန်နေ့ နံနက်ပိုင်းတွင် မြို့နယ် စည်ပင်သာယာရေးဌာနက ထုတ်ပြန်အသိပေးခဲ့ကြောင်း သိရသည်။
ယခုကာလသည် ကိုဗစ်-၁၉ ရောဂါ ကူးစက်မြန်သည့် ကာလဖြစ်သည့်အတွက်ရောဂါကာကွယ်ထိန်းချုပ်ကုသနိုင်ရန် မိုင်းခတ်မြို့နယ် စည်ပင်သာယာရေး နယ်နိမိတ်အတွင်းတွင် ဖွင့်လှစ်ရောင်းလျက်ရှိသည့် စားသောက်ဆိုင်များအားလုံးသည် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ လိုက်နာနိုင်ရန်နှင့် ဆိုင်များတွင် ဆိုင်ထိုင်ရောင်းချခြင်းအစား ပါဆယ်စနစ် (Take Away)ဖြင့်သာ ရောင်းချဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ဆောင်ရွက်မှုမရှိပါက ဥပဒေများနှင့်အညီ ထိရောက်စွာ အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း မြို့နယ် စည်ပင်သာယာရေးဌာနမှ ထုတ်ပြန်အသိပေးသည်။
ထုတ်ပြန်ချက်ညွှန်ကြားစာများကို စားသောက်ဆိုင်များ ဖွင့်လှစ်ရောင်းချသည့် ပြည်သူများက သိရှိလိုက်နာနိုင်ရန်နှင့် မိမိဆိုင်မှ ရောဂါကာကွယ်နိုင်ရေးအတွက် ကြိုတင်ထားရှိရမည့် Hand Gel၊ နှာခေါင်းစည်း (Mask) နှင့် လက်ဆေး ဘေစင်များ ရှိထားမှုရှိ/မရှိ စည်ပင်သာယာရေးဌာနမှ တာဝန်ရှိသူများက လိုက်လံစစ်ဆေးပြီး ညွှန်ကြားစာများအား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)