ငါန်းဇွန် ဇူလိုင် ၁၂
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ် ရွာဘို(မ)ကျေးရွာနေ အမျိုးသားတစ်ဦး (၅၅နှစ်)သည် ကျန်းမာရေးမကောင်းသဖြင့် ယမန်နေ့နံနက် ၈ နာရီ အချိန်က မြို့နယ်ပြည်သူ့ဆေးရုံသို့ လာရောက်ပြသစဉ် အမောဖောက်လာ၍ (RDT)ဖြင့် ဆေးစစ်ခဲ့ရာ ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိရသည်။
ဆက်လက်၍ လူနာစောင့်အဖြစ်လိုက်ပါခဲ့သူ(၄)ဦးအား (RDT)ဖြင့်ဆေးစစ်ရာ ကိုဗစ်-၁၉ရောဂါ (Negative) အဖြေထွက်ရှိကြောင်း သိရသည်။
ထို့နောက် အမှတ်(၁)ရပ်ကွက်နေ အမျိုးသား(၄၉နှစ်)တစ်ဦး၊ မရိုးကုန်းကျေးရွာနေ အမျိုးသား (၅၄နှစ်) တစ်ဦးနှင့် အမျိုးသမီး(၂၂နှစ်)တစ်ဦး၊ အေးလှရိုးကျေးရွာနေ အမျိုးသား(၂၀နှစ်)တစ်ဦး၊ ပေါက်တော ချောင်ကျေးရွာနေ အမျိုးသား(၈၅နှစ်) တစ်ဦး၊ ဆင်တပ်ကျေးရွာနေ အမျိုးသား(၂၄နှစ်)တစ်ဦးတို့သည် ကျန်းမာရေး မကောင်းသဖြင့် ယမန်နေ့ည ၇ နာရီအချိန်က မြို့နယ်ပြည်သူ့ဆေးရုံသို့ လာရောက် ဆေးကုသမှုခံယူသဖြင့် (RDT)ဖြင့်စစ်ဆေးရာ ၎င်းတို့(၆)ဦး၌ ကိုဗစ်-၁၉ရောဂါပိုး တွေ့ရှိရသဖြင့် လူနာစောင့်ပါသူ ပေါက်တောချောင်ကျေးရွာမှ အမျိုးသား(၄၅နှစ်) တစ်ဦး၊ ဆင်တပ်ကျေးရွာမှ အမျိုးသား(၁၄နှစ်)တစ်ဦးအား (RDT)ဖြင့်စစ်ဆေးရာ ၎င်းတို့(၂)ဦးတွင် ကိုဗစ်-၁၉ရောဂါပိုး တွေ့ရှိရသည်။
အဆိုပါ ကိုဗစ်-၁၉ရောဂါ ပိုးတွေ့လူနာ အမျိုးသား(၈)ဦးနှင့် အမျိုးသမီး(၁)ဦး စုစုပေါင်း(၉)ဦးအား မြို့နယ် ပြည်သူ့ဆေးရုံ သံဃာဆောင်တွင်(၃)ဦး၊ မြို့နယ် အား/ကာခန်းမ (ယာယီဆေးရုံ)တွင်(၆)ဦး Hospital Quarantine ထားရှိပြီး ၎င်းတို့နှင့် ထိစပ်သူ(၂၇)ဦးအား Strict Home Quarantine ထားရှိသွားမည် ဖြစ်သည်။
ငါန်းဇွန်မြို့နယ်တွင် ဇွန်(၂၈)ရက်နေ့မှ ဇူလိုင် ၁၁ ရက်နေ့အထိ ကိုဗစ်-၁၉ရောဂါ ပိုးတွေ့လူနာ အမျိုးသား(၂၆)ဦးနှင့် အမျိုးသမီး(၂၇)ဦး စုစုပေါင်း(၅၃)ဦးရှိပြီ ဖြစ်ကြောင်း မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။
သက်နောင်ဦး(ငါန်းဇွန်)