မိုင်းပျဉ်းမြို့ အဝင်အထွက်ဂိတ်တွင် ကိုဗစ်-၁၉ရောဂါပိုးရှိသူ(၉)ဦး ထပ်မံစစ်ဆေးတွေ့ရှိ

မိုင်းပျဉ်း ဇူလိုင် ၁၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့အဝင်ကျန်းမာရေးစစ်ဆေးဂိတ်တွင် ယာဉ်မောင်း၊ ယာဉ်နောက်လိုက်နှင့် ခရီးသည်များအား ကိုဗစ်-၁၉ ရောဂါပိုးရှိမရှိ စစ်ဆေးလျက်ရှိရာ ယမန်နေ့က ကိုဗစ်-၁၉ ရောဂါပိုးရှိသူ (၉)ဦး ထပ်မံတွေ့ရှိခဲ့ကြောင်း သိရသည်။

ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိသူတို့မှာ မန္တလေး၊ ရန်ကုန်၊ တောင်ကြီးနှင့် မိတ္ထိလာမြို့တို့မှ ထွက်ခွာလာသော (၁၂)ဘီးယာဉ်(၈)စီးတို့ဖြင့် ထွက်ခွာခဲ့ပြီး မိုင်းပျဉ်းမြို့သို့ ရောက်ရှိစဉ် ကျန်းမာရေးစစ်ဆေးခြင်းများပြုလုပ်ရာ ယာဉ်မောင်း(၆)ဦးနှင့် ယာဉ်နောက်လိုက်(၃)ဦး တို့တွင် ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိခဲ့ခြင်း ဖြစ်သည်။

အဆိုပါ Covid-19 ရောဂါပိုးတွေ့ရှိသူများကို မြို့နယ်ပြည်သူ့ဆေးရုံရှိ သီးသန့်ဆောင်တို့၌ ထားရှိဆေးကုသမှုပေးနေပြီး ၎င်းတို့နှင့်ထိတွေ့သူများကိုလည်း Quarantine ထားရှိကြောင်းနှင့် မိုင်းပျဉ်းမြို့တွင် ဇွန်လ ၃၀ ရက်နေ့မှ ဇူလိုင် ၁၁ ရက်နေ့ထိ ကိုဗစ် အတည်ပြုလူနာ (၂၂)ဦး အထိ ရှိနေပြီဖြစ်ကြောင်း သိရသည်။

မေမွန်ထွဋ်