ဘားအံ ဇူလိုင် ၁၁
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနနှင့်စက်မှုလယ်ယာဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သောမိုးစပါး ကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲကို ယမန်နေ့ကနောင်လုံအရှေ့ကျေးရွာ တောင်သူ ဦးအောင်ရွေ၏ မျိုးစေ့ထုတ်စိုက်ခင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
မိုးစပါးကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်းကွင်းသရုပ်ပြပွဲတွင် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဦးဆဲင်ဇခုပ်နှင့် စက်မှုလယ်ယာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဦးခင်မောင်ချိုတို့က မိုးစပါး ကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်း၏ အကျိုးကျေးဇူးများ၊ မျိုးကောင်းမျိုးသန့် စိုက်ပျိုးခြင်းဖြင့် ရရှိနိုင်သောအကျိုးကျေးဇူးများ၊ စိုက်ပျိုးပုံနည်းစနစ်များကို အသိပညာပေး ဆွေးနွေးခဲ့ကြပြီး မိုးစပါး ကောက်စိုက်စက်ဖြင့် စိုက်ပျိုးပုံနည်းစနစ်များကို တောင်သူဦးအောင်ရွေ၏ မျိုးစေ့ထုတ်စိုက်ခင်းတွင် လက်တွေ့သရုပ်ပြသခဲ့ကြကြောင်း သိရှိရသည်။
အဆိုပါ မိုးစပါးကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်းကွင်း သရုပ်ပြပွဲကို စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ စက်မှုလယ်ယာဦးစီးဌာနမှ ဝန်ထမ်းများနှင့်တာဝန်ရှိသူများ၊ နောင်လုံအရှေ့ကျေးရွာနှင့် အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများမှ တောင်သူ(၄၀) ဦးခန့် တက်ရောက်ခဲ့ကြပြီး သိရှိလိုအပ်သည်များကို မေးမြန်းခဲ့ရာ တာဝန်ရှိသူများက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရှိရသည်။
သက်ထူး