တနင်္သာရီ ဇူလိုင် ၁၂
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် တနင်္သာရီမြို့၏ အဝင်/ အထွက်နေရာ ဖြစ်သော တနင်္သာရီတံတားထိပ်(အောက်ကင်းဘက်ခြမ်း)ရှိ နဂါးရုပ်တုအရှေ့ ယာယီမဏ္ဍပ်နေရာ၌ ကိုဗစ်-၁၉ ကူးစက်မြန် တတိယလှိုင်း မျိုးရိုးဗီဇ ပြောင်းလဲသော ရောဂါကူးစက်ပျံ့နှံ့မှုမှ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ စစ်ဆေးရေးဂိတ်ကို ဇူလိုင်လ၁၀ ရက်နေ့စ၍ နေ့စဉ်နံနက် ၉နာရီ အချိန်မှ မွန်းလွှဲ၃နာရီ၃၀အထိ ဖွင့်လှစ်၍ တိုင်းဒေသကြီး/ပြည်နယ်ကျော်မှ လာရောက်မည့် ခရီးသွားပြည်သူများနှင့် တိုင်းဒေသကြီး/ ပြည်နယ်ကျော်သို့ သွားရောက်မည့် ခရီးသွား ပြည်သူများအား အဓိကထား၍ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းအဖြစ် စစ်ဆေးပေးသွားမည်ဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရှိရသည်။
ယင်းသို့စစ်ဆေးဂိတ်မှာ ကျန်းမာရေးစစ်ဆေးပေးရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ကျန်းမာရေးဌာန၊ မီးသတ်ဦးစီးဌာန၊ ကြက်ခြေနီတပ်ဖွဲ့၊ ပရဟိတအဖွဲ့ များနှင့် ချောင်းကြီး/ချောင်းငယ် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ တနင်္သာရီမြို့နယ် အတွင်းသို့ လာရောက်ကြမည့် တိုင်းဒေသကြီး/ပြည်နယ်ကျော်မှ ခရီးသွားပြည်သူများအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ဆိုင်ရာထုတ်ပြန်ချက်နှင့်အညီပါးစပ်နှင့်နှာခေါင်းစည်း(Mask) စနစ်တကျတပ်ဆင်စေရေး၊ သက်ဆိုင်ရာ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး၏ ခရီးသွားထောက်ခံချက် (သို့မဟုတ်)ကျန်းမာရေးထောက်ခံချက် (သို့မဟုတ်) ကိုဗစ်-၁၉ကာကွယ်ဆေး(နှစ်) ကြိမ်ထိုးနှံပြီးကြောင်းထောက်ခံချက်နှင့် ဝန်ထမ်းဖြစ်ပါက ခရီးသွားလာခွင့်အမိန့်(MO) (သို့မဟုတ်)ညွှန်ကြားစာပါ/မပါ စစ်ဆေးပြီး မပါရှိပါက မြို့နယ်အတွင်းသို့ဝင်ခွင့်ပြုမည်မဟုတ်ဘဲ မိမိနေရပ်သို့ ပြန်လည် စေလွှတ်မည်ဖြစ်ကြောင်း သိရှိရသည်။
အလားတူ တနင်္သာရီမြို့နယ်အတွင်းမှ မိဘပြည်သူများက တိုင်းဒေသကြီး/ပြည်နယ်ကျော်သို့ခရီးသွားပါက ပါးစပ်နှင့်နှာခေါင်းစည်း(Mask)တပ်ဆင်စေရေး၊ ကိုယ်အပူချိန်တိုင်းတာပေးခြင်း ၊ ခရီးသွားရာဇဝင်နှင့်ဆက်သွယ်ရန်လိပ်စာများရယူခြင်း၊ ကိုဗစ်-၁၉ရောဂါပိုးကူးစက်ခံရခြင်း ရှိ/မရှိ သိရှိနိုင်ရန်အတွက် RDT-Test Kit ဖြင့် သတ်မှတ်ထားသောဈေးနှုန်းဖြင့် စစ်ဆေးပေးမည်ဖြစ်ပြီး၊ကျန်းမာရေးထောက်ခံချက်ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
နန်းသာရီ-ထိန်ဝင်း