အောင်ပွဲရကရင်ပြည်နယ်ဘောလုံးအသင်းအားဂုဏ်ပြု

ဘားအံ ဇူလိုင် ၁၁

 

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပခဲ့သည့် ၂၀၂၁ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၂၁)အောက် အမျိုးသား ဘောလုံးပြိုင်ပွဲတွင် ဒုတိယဆုဖြင့် အောင်ပွဲရရှိခဲ့သည့် ကရင်ပြည်နယ်ဘောလုံးအသင်းအား ဂုဏ်ပြုပွဲအခမ်းအနားကို ဇူလိုင်လ ၁၁ ရက်နေ့ နံနက် ၈ နာရီခွဲခန့်က ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်ရေး စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ကျင်းပသည်။

 

ဂုဏ်ပြုပွဲသို့ ကရင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် အဖွဲဝင်များ၊ အောင်ပွဲရအားကစားသမားများ၊ အုပ်ချုပ်သူ/နည်းပြများ တက်ရောက်ခဲ့ကြပြီး ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ကရင်ပြည်နယ်ဘောလုံးအသင်း အနေဖြင့် ကြိုးစားအားထုတ်မှုပြုရင်း အကောင်းဆုံးခြေစွမ်းများဖြင့် ရင်ဆိုင်ယှဉ်ပြိုင်ကာ ဒုတိယငွေတံဆိပ်ဆုကို ရယူဆွတ်ခူးပေးခဲ့ခြင်းအပေါ် များစွာဂုဏ်ယူပါကြောင်း၊ ကရင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့်လည်း အုပ်စု အဆင့်မှ ဗိုလ်လုပွဲစဉ်ထိ ချီးမြှင့်ထောက်ပံ့ပေးခဲ့ပြီး ဒုတိယဆုဆွတ်ခူးပေးခဲ့သည့်အတွက် ယခုအခမ်းအနားတွင်လည်း ထပ်မံချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း၊ အားကစားသမားများအနေဖြင့် လာမည့်နှစ်များတွင် မိမိတို့လက်လွတ်ခဲ့ရသည့် ချန်ပီယံဆုကလပ်ကြီးအား ကရင်ပြည်နယ်သို့ ပြန်လည်ယူဆောင်လာနိုင်ရေး ယခုထက်ပိုမိုကြိုစားလေ့ကျင့်သွားကြရန် တိုက်တွန်းမှာကြားလိုကြောင်း ပြောကြားသည်။

ထို့နောက် ကရင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ဒုတိယဆုရကရင်ပြည်နယ်ဘောလုံးအသင်းအား ဂုဏ်ပြုချီးမြှင့်ငွေကျပ် ၂၅ သိန်းကို ပေးအပ်ချီးမြှင့်ရာ ဘောလုံးအသင်းနည်းပြနှင့်အသင်းခေါင်းဆောင်တို့က လက်ခံရယူ ခဲ့ပြီး အသင်းအုပ်ချုပ်သူက ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ခဲ့မှုအတွေ့အကြုံအား ရှင်းလင်းတင်ပြ၍ ကျေးဇူးတင်စကားပြန်လည် ပြောကြားခဲ့သည်။

ထို့နောက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့်တာဝန်ရှိသူများသည် ဘားအံတက္ကသိုလ်ဘွဲ့နှင်းသဘင် ခန်းမ အနီး တိုးချဲ့ကွက်သစ်ရှိ (၁၆၀ပေ X ၁၃၀ ပေ) Steel Structure အမျိုးအစား ဖူဆယ်အားကစားရုံ တည်ဆောက်ခြင်းလုပ်ငန်းအား သွားရောက်ကြည့်ရှု့စစ်ဆေးရာ အားကစားနှင့်ကာယပညာဦးစီးဌာ၊ပြည်နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများက တည်ဆောက်ရေးလုပ်ငန်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ကြပြီး ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌက သတ်မှတ်စံချိန်စံညွှန်များနှင့်အညီ အချိန်မီပြီးစီးနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

 

စောမျိုးမင်းသိန်း