သန်လျင် ဇူလိုင် ၁၁
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်တွင် ကိုဗစ်- ၁၉ ရောဂါ ကူးဆက်ပျံနှံ့မှုများရှိနေပြီး ပိုးတွေ့အတည်ပြုလူနာများနှင့် ပိုးတွေ့အတည်ပြု သေဆုံးလူနာများထက်တိုးလျက်ရှိနေကြောင်း ယမန်နေ့ နံနက်ပိုင်းက မြို့နယ် ကိုဗစ် -၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းကော်မတီမှ သိရသည်။
သန်လျင်မြို့နယ်တွင် ဇွန်လ ၁ ရက်နေ့မှ ဇူလိုင် ၁၀ ရက်နေ့အထိ ကိုဗစ်- ၁၉ ရောဂါ ပိုးတွေ့အတည်ပြုလူနာ စုစုပေါင်း (၁၆၆) ဦးရှိပြီး ပိုးတွေ့ အတည်ပြုလူနာ သေဆုံးသူ စုစုပေါင်း (၆) ဦးအထိရှိလာပြီဖြစ်ကြောင်းနှင့် ကိုဗစ်- ၁၉ ရောဂါ ပိုးတွေ့အတည်ပြုလူနာများအား သက်ဆိုင်ရာ ကုသရေးဌာနများနှင့် ကုသရေးစင်တာများတွင် ကျန်းမာရေးစောင့်ရှောက် ဆေးဝါးကုသမှုများဆောင်ရွက်ပေးလျက်ရှိကာ ပိုးတွေ့အတည်ပြုလူနာများနှင့် ထိတွေ့ခဲ့သူ အတူနေမိသားစုဝင်များအား အသွားအလာကန့်သတ်၍ မိမိတို့နေအိမ်များတွင်ထားရှိပြီး စောင့်ကြပ်ကြည့်ရှုခြင်းများ ဆောင်ရွက်ထားရှိကြောင်း သိရသည်။
သန်လျင်မြို့နယ်အတွင်း ကိုဗစ်- ၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုလျော့နည်းလာစေရန်အတွက် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများနှင့် အရေးပေါ်တုန့်ပြန်ရေးလုပ်ငန်းများအား မြို့နယ် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးလုပ်ငန်းကော်မတီမှ ဦးဆောင်ကာ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကျန်းမာရေး ဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ပရဟိတအဖွဲ့ဝင် များနှင့် လူမှုရေး အသင်းအဖွဲ့ဝင်များက ပူးပေါင်း၍ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
မြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် ကိုဗစ်- ၁၉ ရောဂါ ကူးစက်ပျံနှံ့မှုလျော့နည်းကျဆင်းရေးအတွက် မိမိတို့နေအိမ်များတွင်သာ နေထိုင်ကြရန်နှင့် မဖြစ်မနေ နေအိမ်ပြင်ပထွက်ခွာသွားလာရပါက တစ်ဦးထပ်မပိုဘဲ ပါးစပ်နှာခေါင်းစည်း Mask တပ်ဆင်ပြီးမှ သွားလာကြရန်၊ မိမိကိုယ်တိုင်သော်လည်းကောင်း၊ မိမိပတ်ဝန်း ကျင်တို့တွင် ဖျားနာသူများရှိပါက သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ကျန်းမာရေးဌာနများသို့ ဆက်သွယ်ပြသ ကုသရေးတို့အား ပူးပေါင်းဆောင်ရွက်သွားကြရန် သက်ဆိုင်ရာမှ တိုက်တွန်းနှိုးဆော်ထားရှိကြောင်း သိရသည်။
သန်လျင်