ချင်းရွှေဟော်မြို့၌ ကိုဗစ်-၁၉ရောဂါပိုးကူးစက်ခံရသူ(၇)ဦး ထပ်မံတွေ့ရှိ

ချင်းရွှေဟော်    ဇူလိုင်  ၁၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊  ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီမှ ကိုဗစ်-၁၉ ရောဂါပိုးရှိသူနှင့် ထိတွေ့ခဲ့ကြသည့် ပြည်သူများကို  လုပ်ထုံးလုပ်နည်းနှင့်အညီ  ရွေ့လျားရှာဖွေစနစ်ဖြင့်  ကိုဗစ် -၁၉ ရောဂါပိုး ရှိ/မရှိ    Rapid Test Kit စနစ်ဖြင့်   စစ်ဆေးဆောင်ရွက်ခဲ့ရာ  စစ်ဆေးချက် အဖြေအရ ယနေ့ နံနက်ပိုင်းက အမှတ်(၂)ရပ်ကွက်တွင် နေထိုင်သည့် အသက်(၃၀)နှစ်၊ အသက်(၆၃)နှစ်အရွယ်ရှိအမျိုး သားနှစ်ဦးနှင့် အမှတ်(၃)ရပ်ကွက်တွင်နေထိုင်သည့် အသက်(၃၈)နှစ်အရွယ်ရှိအမျိုးသမီးတစ်ဦး၊ အသက်(၂)နှစ်အရွယ်ရှိ ကလေးငယ်တစ်ဦး၊  အသက်(၁၄)နှစ်၊  အသက်(၃၉)နှစ်အရွယ်ရှိ အမျိုးသားနှစ်ဦး၊  မာလီရှူးဝါးကျေးရွာမှ ပြန်လာသူ   အသက်(၂၅)နှစ်အရွယ်ရှိ ကားဆရာတစ်ဦးတို့ဖြစ်ကြကာ အမျိုးသား(၅)ဦးနှင့် အမျိုးသမီး(၂)ဦး၊ စုစုပေါင်း(၇)ဦးတို့ထံတွင်  ကိုဗစ်-၁၉ရောဂါပိုး ထပ်မံ တွေ့ရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ပိုးတွေ့ရှိလူနာအား ဆေးကုသမှုခံယူနိုင်ရန်အတွက်  ချင်းရွှေဟော်မြို့၊  ကိုဗစ်-၁၉ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ မြို့အုပ်ချုပ်ရေးမှူး ဦးသက်ဦးပိုင်နှင့်  ကော်မတီအဖွဲ့ဝင်များက အမှတ်(၂)ရပ်ကွက်ရှိ မြို့တော်ခန်းမ၊ Quarantine စင်တာသို့ပြောင်းရွှေ့ ပို့ဆောင်ထားပြီး ၎င်းနှင့် ထိတွေ့ခဲ့ကြသူများအား ကျန်းမာရေးစစ်ဆေးမှုများပြုလုပ်ကာ အသွားအလာ ကန့်သတ်စောင့်ကြည့်နိုင်ရန် Home Quarantine  ထားရှိပြီး  ၎င်းတို့နေထိုင်သည့် နေရာများအား   အသွားအလာကန့်သတ်ထား၍ ပိုးသတ်ဆေးဖျန်းခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ချင်းရွှေဟော်မြို့တွင် ဇွန်လ(၂၃)ရက်မှ   ယနေ့အချိန်အထိ ကိုဗစ်-၁၉ ရောဂါပိုး အတည်ပြုလူနာ(၃၇)ဦးထိ ရှိပြီဖြစ်ကြောင်း ချင်းရွှေဟော်မြို့၊ ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီထံမှ သိရှိရသည်။

မြို့နယ်(ပြန်/ဆက်)