ကျေးရွာ ၇ ရွာသောက်သုံးရေ အသုံးပြုနေသော မြေသားရေလှောင်ကန် ကန်ဘောင်ကျိုးသွားဖြင့် ကျေးရွာသူရွာသားများ ပြန်လည်ပြုပြင်နေ

ညောင်ဦး ဇူလိုင် ၁၁

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ဒဟတ်ကန်ကျေးရွာရှိ ကျေးရွာ ၇ ရွာမှ အသုံးပြုနေသော သောက်သုံးရေကန်ကြီး ဇူလိုင် ၆ ရက်နေ့ ည ၇ အချိန်ခန့်က သောက်သုံးရေကန်ကြီး တာဘောင်ကျိုးသွားပြီး ကန်ထဲရှိရေများ ကုန်သလောက် နီးပါးထွက်ကုန်ကြောင်း ဒဟတ်ကန်ကျေးရွာ ဦးတင်စိုးက ပြောကြားသည်။

ညောင်ဦးမြို့နယ်တွင် ဇူလိုင် ၆ ရက်နေ့ ညနေ ၄ နာရီအချိန်မှစတင်ပြီး မိုးရွာသွန်းမှုများကာ ကန်ထဲသို့ရေများ ဝင်ရောက်မှုများပြီး ည ၇ နာရီအချိန်ခန့်တွင် ကန်ဘောင်တာရိုး ကျိုးသွားခဲ့ကြောင်း၊ ကျိုးကျသည့် တာရိုးဘောင် အကျယ် ပေ ၁၂၀ ခန့်၊ အနက် ၁၅ ပေထိရှိကာ ကန်ထဲရေများ ကုန်သလောက်နီးပါး ထွက်ကုန်ကြောင်း သိရသည်။

အညာဒေသတွင် မြေသားမိုးရေလှောင်ကန်များကိုသာ အဓိကအားထားနေရပြီး ရေပြည့်ချိန်မှ ရေကန်ကြီး ကျိုးသွားသည့်အတွက် ကျေးရွာသူကျေးရွာသားများ စိတ်မကောင်းဖြစ်နေကြပြီး ရေကန် ဘောင်အား ပြန်လည်ပြုပြင်နေကြကြောင်း သိရသည်။

ဇူလိုင်လအတွင်း ညောင်ဦးမြို့နယ်တွင် မိုးရွာသွန်းမှုများပြီး မြေသားရေလှောင်ကန် အချို့ရေပြည့်နေပြီ ဖြစ်ကြောင်း၊ ယခုကျိုးသွားသည့် မြေသားရေလှောင်ကန်ကြီး ရေမပြည့်သည်မှာ ဆယ်စုနှစ် တစ်ခုပင်ရှိနေပြီဖြစ်ကာ အဆိုပါရေကန်ကြီးမှရေကို ဒဟတ်ကန်ကျေးရွာ၊ ငါ့မင်းမေး၊ ငါ့ပိုင်၊ ထနောင်းဝန်း၊ ကောင်းညို၊ ဒဟတ်စီး၊ ထီးပုကျေးရွာများမှ အဓိကမှီခိုအားထား အသုံးပြုနေသည့် ရေကန်ကြီးဖြစ်ကာ ဇူလိုင် ၁၁ ရက်နေ့ထိ ပြန်လည်ပြုပြင်၍ မပြီးသေးကြောင်းလည်း သိရသည်။

အဆိုပါ မြေသားရေလှောင်ကန်ကြီး ပြန်လည်ပြုပြင်ရန် လှူဒါန်းနိုင်ကြောင်းလည်း သိရပြီး ဦးတင်စိုး ဖုန်း-၈၈၅၈၉၈၇၈၀ သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်းလည်း သိရသည်။

ကိုထိန်၊KPD