ကော့သောင်းမြို့တွင် မိုးသည်းထန်ပြီးလေပြင်းတိုက်ခတ်သဖြင့် သစ်ပင်ပြိုလဲကာ နေအိမ် အစိတ်အပိုင်းအချို့ပျက်စီး

ကော့သောင်း ဇူလိုင် ၁၁

ကော့သောင်းမြို့တွင် မိုးသည်းထန်စွာ ရွာသွန်းကာလေပြင်းတိုက်ခတ်သဖြင့် ယမန်နေ့ နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်တချို့ရှိ သစ်ပင်ကြီးများ ပြိုလှဲကာ နေအိမ်အစိတ်အပိုင်းအချို့ ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မြန်မာ့ပင်လယ်ပြင်အတွင်း မုတ်သုန်လေအားကောင်းသဖြင့် တနင်္သာရီကမ်းရိုးတန်း တစ်လျှောက် အဆိုပါနေ့ နံနက်ပိုင်းမှ စတင်ကာ မိုးသည်းထန်ကာ လေပြင်းတိုက်ခတ်သဖြင့် ကော့သောင်းမြို့၊ အဏ္ဏဝါရပ်ကွက်၊ ကျန်းမာရေးဝန်ထမ်းအိမ်ရာဝင်းအတွင်းရှိ အမြင်၂၅ပေခန့်၊ လုံးပတ် ၃ ပေခန့် မို့ပင်ပြိုလှဲခဲ့ပြီး အလားတူ ကော့သောင်းမြို့၊ အဏ္ဏဝါရပ်ကွက်၊ မင်္ဂလာလမ်း၊ အိမ်အမှတ် (၁၆၅) ဦးသန်းထွန်း၏ နေအိမ်ရှေ့ရှိ  အမြင့် ၂၅ ပေခန့် လုံးပတ်၂ပေခန့် သရက်ပင်တစ်ပင်ပြိုလှဲခဲ့ပြီး နေအိမ် အလျား ၃၀ ပေ၊ အနံ၂၀၊ ၂ထပ်RC အဆောက်အဦး၏ အမိုးသွပ်အနည်းငယ် (၃)ချပ်ခန့် ပျက်စီးခဲ့သည့်ဖြစ်စဉ်များဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်များတွင် လူထိခိုက်ဒဏ်ရာရရှိမှုနှင့် သေဆုံးမှုများ မရှိကြောင်း၊ အဆိုပါဖြစ်စဉ်များ ဖြစ်ပွားရာသို့ ကော့သောင်းခရိုင်နှင့် မြို့နယ်သဘာဝဘေးစီမံခန့်ခွဲမှုကော်မတီနှင့် ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်းကာ အပျက်အစီးများအား ရှင်းလင်းကူညီကယ်ဆယ်မှု လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြပြီး ကော့သောင်းခရိုင်၊ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနမှ ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ရသည့်  အိမ်ထောင်စုများကို ထောက်ပံ့ကူညီမှုများ ဆက်လက် လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

ကျော်စိုး (ကော့သောင်း)