ပင်းတယမြို့၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံ

ပင်းတယ ဇူလိုင်    ၁၁

ရှမ်းပြည်နယ်(တောင်ပိုင်း) ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးထိုးနှံပေးခြင်းကို ယနေ့ နံနက် ၈ နာရီအချိန်က မြို့နယ်ဓမ္မာရုံ၌  ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ကာကွယ်ဆေးထိုးနှံပေးခြင်းမပြုမီ ပါးစပ်နှင့် နှာခေါင်းစည်းများကို စနစ်တကျ တပ်ဆင်စေခြင်း၊ ကိုယ်အပူချိန်တိုင်းခြင်း၊ သွေးပေါင်ချိန်တိုင်းခြင်း၊ ကာကွယ်ဆေးထိုးလာရောက်သူများအား စီစစ်၍ မှတ်ပုံတင်ခြင်းများ ဆောင်ရွက်ခြင်း၊ ကာကွယ်ဆေးထိုးနှံပေးပြီး နောက်ဆေး၏ ဘေးထွက်ဆိုးကျိုး လက္ခဏာ တစ်စုံတစ်ရာ ဖြစ်ပေါ်လာပါက ချက်ခြင်းအရေးပေါ်တုံ့ပြန်ဆောင်ရွက်နိုင်ရန် မိနစ် ၃၀ ခန့် စောင့်ကြပ်ကြည့်ရှုပေးခြင်းကို သက်ဆိုင်ရာတာဝန်ရှိသူများက ဆောင်ရွက်ပေးခဲ့ကြသည်။

အဆိုပါကာကွယ်ဆေးထိုးနှံခြင်းကို ပင်းတယမြို့နယ် ဆရာဝန်ကြီး ဒေါက်တာမို့မို့ကြည်က ကြီးကြပ်၍ လက်ထောက်ကျန်းမာရေးမှူး၊ မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ အမျိုးသမီး ကျန်းမာရေး ဆရာ၊ ဆရာမ ၉ ဦးတို့က ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ ကာကွယ်ဆေးများကို ထိုးနှံပေးခဲ့ပြီး ယခုကာကွယ်ဆေးထိုးနှံသူ ၂၂၅ ဦးမှာ ဇွန်လဒုတိယပတ်တွင် အခြေခံပညာ အထက်တန်း ကျောင်းခန်းမ၌ ပထမအကြိမ် ကာကွယ်ဆေးထိုးနှံထားသည့်သူများ ဖြစ်ကြောင်း သိရသည်။

ယနေ့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မိုးလွင် နှင့်ဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များတို့က ကူညီဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

ပင်းတယ(ပြန်/ဆက်)