မြိတ် ဇူလိုင် ၁၁
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ ဈေး(၆)ဈေးတွင် ကိုဗစ်-၁၉ကာကွယ်ရေးအတွက် ကရိုရင်းပိုးသတ် ဆေးဖျန်းခြင်းနှင့် မိုးရာသီတွင် ဖြစ်ပွားလေ့ရှိသည့် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ခြင်ဆေးဖျန်းခြင်းလုပ်ငန်းကို ယနေ့ နံနက်ပိုင်းက စည်ပင်သာယာရေးအဖွဲ့မှ ဦးဆောင်၍ ပရဟိတ အသင်းအဖွဲ့များ ပူးပေါင်းပြီး ဆောင်ရွက်ခဲ့ကြသည်။
“ စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့ပေါ်ဈေး(၆)ဈေးမှာ ကိုဗစ်ရောဂါ ကြိုတင်ကာကွယ်ရေးအနေနဲ့ စည်းကမ်းတကျ ကျန်းမာ သန့်ရှင်းစွာ ဈေးရောင်းချနိုင်ရေး ရည်ရွယ်၍ အရန်မီးသတ်တပ်ဖွဲ့၊ ပရဟိတအဖွဲ့တွေနဲ့ စည်ပင်သာယာရေးအဖွဲ့ ပူးပေါင်းပြီးတော့ ကိုဗစ်ကာကွယ်ရေး ကရိုရင်းပိုးသတ်ဆေးဖျန်းခြင်းနှင့် တုပ်ကွေး ရောဂါကာကွယ်ရေးခြင်ဆေးဖျန်းခြင်းလုပ်ငန်းကို ဆောင်ရွက်တာဖြစ်ပါတယ်” ဟု မြို့နယ်စည်ပင်သာယာရေး အဖွဲ့ အမှုဆောင်အရာရှိ ဦးကြည်စိုး က ပြောကြားခဲ့သည်။
ကိုဗစ်-၁၉ ကာကွယ်ရေးအတွက် ကရိုရင်းပိုးသတ် ဆေးဖျန်းခြင်းကို ဈေးအတွင်း၌ ကျောပိုးလွယ် ပိုးသတ်ဆေးဖျန်းစက်ဖြင့် ဆောင်ရွက်ပြီး ဈေးအပြင်တန်းနှင့် လမ်းတို့တွင် ပိုးသတ်ဆေးဖျန်းကားဖြင့် ဆောင်ရွက်ခဲ့ကြကာ ခြင်ဆေးဖျန်းစက်များဖြင့် ဈေးအတွင်း/အပြင် ခြင်ဆေးဖျန်းလုပ်ငန်းကို ဆောင်ရွက်ခဲ့ကြသည်။ မြို့ပေါ် ရပ်ကွက်များတွင်လည်း ပိုးသတ်ဆေးဖျန်းခြင်းနှင့် ခြင်ဆေးဖျန်းခြင်းလုပ်ငန်းများကို စည်ပင်သာယာရေးအဖွဲ့နှင့် ပရဟိတအဖွဲ့များ ပူးပေါင်း၍ ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။
မြိတ်မြို့တွင် ကိုဗစ်-၁၉ ပိုးတွေ့ရှိသူများ များပြားလျက်ရှိနေပြီး ဇူလိုင်လ(၁၀)ရက်နေ့အထိ ပိုးတွေ့ရှိသူ စုစုပေါင်း(၁၉၁)ဦးရှိခဲ့၍ ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူလျက်ရှိသူ (၉၈)ဦးရှိနေပြီး သေဆုံးသူ(၅)ဦးရှိခဲ့ပြီ ဖြစ်သည်။ ကိုဗစ်-၁၉ ကာကွယ်ရေးလုပ်ငန်းများကို ဌာနဆိုင်ရာများနှင့် ပရဟိတအဖွဲ့များ ပူးပေါင်း၍ အရှိန် အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကာ မြိတ်မြို့ရှိ အနံ့ပျောက်နှင့် ဖျားနာလူနာများအား ဇီဝိတသံဃာ့ဆေးရုံတွင် မြန်မာနိုင်ငံဆရာဝန်အသင်း(မြိတ်)မှ Fever Clinic ဖျားနာအခမဲ့ ဆေးကုသခန်းဖွင့်လှစ်၍ အခမဲ့ ကုသပေးလျက် ရှိကြောင်း သိရသည်။
ခိုင်ထူး (မြိတ် ပြန်/ဆက်)