မိုင်းဖြတ်မြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်

မိုင်းဖြတ် ဇူလိုင် ၁၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက ကိုဗစ်-၁၉ ကျန်းမာရေး စစ်ဆေးရေးဂိတ် ဖွင့်လှစ်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက် နေကြောင်း သိရသည်။

မိုင်းဖြတ်မြို့တွင် ကိုဗစ်-၁၉ကျန်းမာရေး စစ်ဆေးရေးဂိတ်ကို ကျိုင်းတုံ-မိုင်းဖြတ်-တာချီလိတ်သွား ပြည်ထောင်စု လမ်းမကြီးပေါ် မြို့ဝင်ဘီးခွန်ဂိတ်အနီးတွင် ယာယီဆောက်လုပ်ထားရှိပြီး ဇူလိုင်လ ၁၂ ရက်နေ့တွင် စတင်ဖွင်လှစ် သွားမည်ဖြစ်ရာ ခရီးသွားပြည်သူများအား ကိုယ်ပူချိန်များ တိုင်းတာစစ်ဆေးခြင်း၊ ခရီးသွားရာဇဝင်များ ကောက်ယူခြင်းစသည့် လုပ်ငန်းများကို ဆောင်ရွက် သွားမည်ဖြစ်ပြီး လိုအပ်ပါက RDT Test kit ဖြင့်စစ်ဆေးမှုများ ပြုလုပ်သွားမည် ဖြစ်သည်။

ထို့အတူမြို့နယ်အတွင်း COVID-19 Facility Quarantine Centre (၅၀)ဦးဆံ့ ထားရှိနိုင်ရေးအတွက် မိုင်းဖြတ် ကျေးရွာအုပ်စု၊ ဟိုနားကျေးရွာ (RC) ရိုမန်ကက်သလစ် အသင်းတော်ရှိ (ဘော်ဒါဆောင်)နှင့် COVID-19 Positive Centre (၅၀)ဦး ဆံ့ထားရှိ နိုင်ရေးအတွက် စျေးတန်းရပ်ကွက်၊ ကွက်သစ်ရပ်ရှိ လားဟူနှစ်ခြင်း အသင်းတော် (ဘော်ဒါဆောင်) တို့ကို စီစဉ်ထားကြောင်း သိရသည်။

အဆိုပါ လုပ်ငန်းများ ကြိုတင်ပြင်ဆင် ဆောင်ရွက်ရာသို့ မြို့နယ် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်း ကော်မတီဥက္ကဋ္ဌ ဦးညီညီ​အောင်နှင့် ကော်မတီဝင်များ၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များက ကြည့်ရှုစစ်ဆေးကာ ပေါင်းစပ်ညှိနှိုင်းခဲ့ပြီး   COVID-19 Facility Quarantine Centre နှင့် COVID-19 Positive Centre ထားရှိနိုင်ရေးအတွက် အသင်းတော်မှ တာဝန်ရှိသူများ၏ ခွင့်ပြုချက် နှင့်အညီ ပြင်ဆင်ဆောင်ရွက် နေကြောင်း သိရသည်။

သန်ထွန်းအေး