ဆီဆိုင် ဇူလိုင် ၁၁
ယခုမြန်မာနိုင်ငံတွင် Covid-19 ရောဂါကူးစက်ဖြစ်ပွားမှုအခြေအနေမှ မျိုးရိုးဗီဇပြောင်းကူး စက်ရောဂါပိုး ဝင်ရောက်ပျံ့နှံ့နေမှုကြောင့် ရောဂါထိန်းချုပ်ခြင်း၊ ကာကွယ်ခြင်းနှင့် ကုသခြင်း လုပ်ငန်းစဉ်များအား ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့ရှိ စားသောက်ဆိုင်များနှင့် လက်ဘက်ရည်ဆိုင် များအား Take-away စနစ်ဖြင့် ရောင်းချရေး ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီက တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထင်ကျော်၊ မြို့နယ်စည်ပင်သာယာရေးဌာန၊ အမှုဆောင်အရာရှိ ဦးထန်ဒေါင့်တွန်၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများတို့က ဆီဆိုင်မြို့တွင် ဖွင့်လှစ်ထားရှိသာ လက်ဖက်ရည်ဆိုင်နှင့် စားသောက်ဆိုင်များ၊ လမ်းဘေးအကြော်ဆိုင်များ၊ ခေါက်ဆွဲဆိုင်များ၊ အသုပ်ဆိုင်များ၊ ထမင်းဆိုင်များအား ထိုင်ထိုင်စားသောက်ခြင်းကို ခွင့်မပြုတော့ဘဲ Take-away စနစ်ဖြင့်သာ ရောင်းချသွားရန်နှင့် ရောင်းချရာတွင်လည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် Covid-19 ကာကွယ်တားဆီးရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ တိကျစွာလိုက်နာဆောင်ရွက်ခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းဖြစ်ကြောင်း သိရသည်။
ခွန်ရဲထွေး(ဆီဆိုင်)