ခမောက်ကြီး ဇူလိုင် ၁၁
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့တွင် ယမန်နေ့က မိုးသည်းထန်စွာ ရွာသွန်းပြီး တောင်ကျရေများကျဆင်းမှုကြောင့် ရေကြီးခဲ့ရာမှ ယနေ့နံနက် (၄) အချိန်ခန့်တွင် ရေများ ပြန်လည်ကျဆင်းသွားခဲ့ကြောင်း သိရသည်။
ရေကြီးနှစ်မြှုပ်ရာတွင် ယမန်နေ့ နံနက်ပိုင်းမှစတင်ပြီး မိုးအဆက်မပြတ် ရွာသွန်းခဲ့သဖြင့် ညနေ ၄ နာရီခွဲ အချိန်ခန့်မှစ၍ ကုန်းမြေအနိမ့်ပိုင်းဖြစ်သည့် ဆေးရုံ၊ ဌာနဆိုင်ရာရုံး(၄)ရုံးနှင့် အမှတ်(၁)ရပ်ကွက်နေ အိမ်ခြေ(၆၄)အိမ်ခန့်သို့ ရေများဝင်ရောက်လာသဖြင့် နယ်မြေခံ တပ်ရင်းတပ်ဖွဲ့များ၊ ဌာနဆိုင်ရာများ၊ လူမှုအဖွဲ့အစည်းများက ဘေးလွှတ်ရာ နေရာသို့ ကူညီပြောင်းရွှေ့ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ရေလွှမ်းမိုးမှုခံရသည့် ရပ်ကွက်နေပြည်သူများသည် မိမိတို့ နီးစပ်ရာ ဆွေမျိုး၊ မိတ်ဆွေအိမ်များသို့ သွားရောက်နေထိုင်လျက်ရှိပြီး ခမောက်ကြီးမြို့တွင် ရေကြီးခြင်းသည် ယမန်နှစ်များထက်စာလျှင် ယခုနှစ်သည် တစ်ပေခွဲခန့် ပိုကြီးသည်ဟုသိရသည်။
ရေကြီးခြင်းအကြောင်းအရင်းမှာ ဒီရေတက်ရက်ဖြစ်သည့် လပြည့်ကျော်ရက်များနှင့် တောင်ကျရေနှင့် တိုက်ဆိုင်နေသဖြင့် မိုးရေများ ပင်လယ်တွင်းသို့ မဆင်းနိုင်ဘဲ လျှံတက်သဖြင့်ရေကြီးခြင်းဖြစ်ကြောင်း သိရသည်။
ရူပါမြင့်