မိုင်းယောင်း ဇူလိုင် ၁၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေး နှိုးဆော်ခြင်းကို ယမန်နေ့ ညနေပိုင်းက ရပ်ကွက်နှင့် ကျေးရွာများအထိ မော်တော်ယာဉ်ဖြင့် လှည့်လည် နှိုးဆော်ခဲ့ကြကြောင်း သိရသည်။
အဆိုပါဆောင်ရွက်ခြင်းကို မြို့နယ်ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်း ကော်မတီဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်နှင့် မြို့နယ်ကြက်ခြေနီ သူနာပြုတပ်ဖွဲ့တို့ ပါဝင်ပြီး မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများအတွင်း လှည့်လည်နှိုးဆော်ရာတွင် ပြည်သူများ အနေဖြင့် အိမ်အပြင်ထွက်တိုင်း နှာခေါင်းစည်း(Mask)ကို စနစ်တကျတပ်ဆင်ရန်၊ မလိုအပ်ဘဲ အိမ်အပြင်သို့ မထွက်ကြရန်၊ လူစုလူဝေးသို့ သွားရောက်ခြင်းမှ ရောင်ကြဉ်ရန်၊ လက်ကို သန့်စင်အောင် ရေနှင့်ဆပ်ပြာဖြင့် စက္ကန့်(၂၀)ကြာ ပွတ်တိုက် ဆေးကြောရန်နှင့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး ညွှန်ကြားချက်များကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေး အတွက် မြန်မာနှင့်ရှမ်းဘာသာဖြင့် လှည့်လည်နှိုးဆော်ခဲ့ကြသည်။
မိုင်းယောင်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ပိုးတွေ့ရှိသူ ၆ ဦးရှိပြီး၊ ၎င်းတို့ကို ဝမ်ဇလီလော် ဝန်ထမ်းအိမ်ရာ ယာယီဆေးကုသဆောင်၌ ဆေးကုသမှုပေးထားကာ ယင်းတို့အားလုံး ကျန်းမာရေး ကောင်းမွန်လျက်ရှိကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
အားချာ