မိုင်းပျဉ်းမြို့ အဝင်အထွက်ဂိတ်တွင် ကိုဗစ်-၁၉ရောဂါပိုးရှိသူ(၂)ဦး ထပ်မံတွေ့ရှိ စုစုပေါင်း အတည်ပြုလူနာ ၁၃ ဦး အထိတွေ့ရှိထား

မိုင်းပျဉ်း ဇူလိုင် ၁၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့အဝင် ကျန်းမာရေး စစ်ဆေးဂိတ်တွင် ယာဉ်မောင်း၊ ယာဉ်နောက်လိုက်နှင့် ခရီးသည်များအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ စစ်ဆေးလျက်ရှိရာ ယမန်နေ့  မွန်းတည့် ၁၂ နာရီက ကိုဗစ်-၁၉ ရောဂါ ပိုးရှိသူ(၂)ဦးထပ်မံ တွေ့ရှိခဲ့သဖြင့် စုစုပေါင်း အတည်ပြုလူနာ(၁၃)ဦးအထိ ရှိပြီဖြစ်ကြောင်း သိရသည်။

ယင်းထပ်မံတွေ့ရှိသူတို့မှာ မန္တလေးမြို့မှ ကျိုင်းတုံမြို့သို့ ထွက်ခွာလာသော (၁၂)ဘီးယာဉ်(၂)စီးတို့ဖြင့် ထွက်ခွာခဲ့ပြီး မိုင်းပျဉ်းမြို့သို့ ရောက်ရှိစဉ် ကျန်းမာရေး စစ်ဆေးခြင်းများ ပြုလုပ်ရာ ယာဉ်မောင်း(၁)ဦးနှင့် ယာဉ်နောက်လိုက်(၁)ဦးတို့တွင် ကိုဗစ်-၁၉ရောဂါပိုး တွေ့ရှိခဲ့ခြင်းဖြစ်သည်။

ထို့အတူ မိုင်းပျဉ်းဂိတ်တွင် ယင်းနေ့နံနက်ပိုင်းက ရောဂါပိုးရှိသူ(၁)ဦးတွေ့ရှိခဲ့သဖြင့် တစ်ရက်တည်း(၃)ဦး တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ကိုဗစ်-၁၉ရောဂါပိုး တွေ့ရှိသူများကို မြို့နယ်ပြည်သူ့ဆေးရုံရှိ သီးသန့် ဆောင်တို့၌ ထားရှိပြီး ဆေးကုသမှုပေးနေပြီး၊ ၎င်းတို့နှင့်ထိတွေ့သူများကိုလည်း Quarantine ထားရှိကြောင်းနှင့် မိုင်းပျဉ်းမြို့တွင် ဇွန်လ ၃၀ရက်နေ့မှ ယမန်နေ့ထိ ကိုဗစ် အတည်ပြုလူနာ(၁၃)ဦးအထိရှိနေပြီဖြစ်ကြောင်း သိရသည်။

မေမွန်ထွဋ်(ပြန်/ဆက်)