နမ့်ဆန် ဇူလိုင် ၁၁
ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်အတွင်း Quarantine Centre များတွင် ထားရှိသည့် နေရာများသို့ ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ တာဝန်ရှိသူများက သွားရောက် စစ်ဆေးခဲ့ရာ ယမန်နေ့တွင် အမျိုးသား(၂)ဦးထံမှ ရောဂါပိုး တွေ့ရှိကြောင်း သိရသည်။
အဆိုပါ ပိုးတွေ့ရှိသူ(၂)ဦးသည် ဇူလိုင်(၇)ရက်နေ့က လောက်ကိုင်မြို့မှ ပြန်လည် ရောက်ရှိလာသူများဖြစ်ပြီး ဇယ်တုန်ဟုန်းကျေးရွာ Quarantine Centre တွင် ထားရှိသူများဖြစ်ပြီး RDT Test Kit ဖြင့် တာဝန်ရှိသူများက စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ရောဂါတွေ့ရှိခဲ့ပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး ရိပ်သာရှိ သီးသန့် ကုသဆောင်တွင် ထားရှိကာ ဆေးကုသမှုများ စတင်ပြုလုပ်လျက်ရှိသည်။
နမ့်ဆန်မြို့နယ်အတွင်းတွင် လူသားအရင်းအမြစ် ဘော်ဒါဆောင်အပါအဝင် မန်မိုင်ကျေးရွာ၊ ကယားလမ်း ကျေးရွာအုပ်စု ပန်စေမိန်းကျေးရွာ၊ လွယ်ခမ်းကျေးရွာ၊ ဘုရားကြီးကျေးရွာ၊ မန်ပန်ကျေးရွာ၊ ဘန်ကောက်ကျေးရွာနှင့် ဇယ်တုန်ဟုန်း ကျေးရွာတို့တွင် Quarantine ဝင်ရောက်နေသူ စုစုပေါင်း(၂၇) ဦးရှိပြီး ၎င်းတို့အား ဆက်လက်စစ်ဆေးမှုမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
စည်သူမောင်မောင်