တနင်္သာရီတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီက လှူဖွယ်ဝတ္ထုငွေနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း

ထားဝယ် ဇူလိုင် ၁၀
 
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ဘုန်းတော်ကြီးကျောင်းနှင့် ရိပ်သာများ တွင် သံဃာတော်များ ကိုဗစ် - ၁၉ ကာလအတွင်း ဆွမ်းခံမထွက်ရသဖြင့် ကိုဗစ်စည်းကမ်းများနှင့်အညီ သီတင်းသုံးနိုင်ရေး အတွက် တနင်္သာရီတိုင်း ဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီက ထောက်ပံ့လှူဒါန်းလျက်ရှိရာ ယနေ့ နံနက်ပိုင်းတွင် ထားဝယ်မြို့၊ ဘုန်းတော်ကြီးကျောင်းများသို့ လှူဖွယ်ဝတ္ထုငွေနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဆရာတော်များ ထံမှ တနင်္သာရီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဦးတင်အောင်၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေး ၊ တိုင်းဒေသကြီးစီမံ အုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တို့က ငါးပါးသီလခံ ယူဆောက်တည်ခဲ့ကြပြီး အနုမောဒနာတရားနား ကြားခဲ့ကြသည်။
ထိုနောက် တနင်္သာရီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ က ထားဝယ်မြို့၊ ပန်းသုံးဝကျောင်း ပခုက္ကူကျောင်းနှင့် ယိုးဒယားကျောင်းများတွင်(၁) ကျောင်းလျှင်ဝတ္ထုငွေ (၂၁၁၀၀၀)ကျပ်၊ဆန် ၁၂ ပြည်ဝင် ၂၀ အိတ်၊ ဆီ ၅ လီတာ ၁၀ ဗူး၊ အာလူး ၁၀ ပိဿ ၂ အိတ်၊ကြက်သွန်နီ ၁၀ ပိဿ ၂ အိတ်၊ ကြက်သွန်ဖြူ ၁၀ ပိဿ ၁၂ အိတ် ၊ ငါးခြောက် ၁၀ ပိဿ စသည့်တို့ကို ဆက်ကပ်လှူဒါန်းခဲ့သည်။
တနင်္သာရီတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးတင်အောင်၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်ဒေါ်ပိုက်ပိုက်အေးနှင့် တာဝန်ရှိသူများက လှူဒါန်းမှုအစုစုတို့အတွက်ရေစက်သွန်းချ အမျှပေးဝေခဲ့ သည်။
ဆက်လက်၍တနင်္သာရီတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးတင်အောင်နှင့် တာဝန်ရှိသူများက ကမ်းနားစျေးတွင် ကားပါကင်ပြုလုပ်မည့် နေရာအားကြည့်ရှု့စစ်ဆေးခဲ့ကြောင်း သိရသည်။
ကျော်ကျော်လတ်(ထားဝယ်)