မလှိုင် ဇူလိုင် ၁ဝ
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရုံးဝန်ထမ်းများအား စားနပ်ရိက္ခာ (၁၁) မျိုး ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့ ညနေ ၃နာရီ ခွဲ အချိန်က မလှိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည် ။
ပေးအပ်ပွဲတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်က အမှာစကားပြောကြားရာတွင် ထောက်ပံ့သည့် ပစ္စည်းတန်ဖိုးထက် ကိုဗစ်ကာလတွင် ဝန်ထမ်းများ အနေဖြင့် စိတ်ခွန်အားဖြစ်စေရန် ရည်ရွယ် ထောက်ပံ့ပေးအပ်ခြင်း ဖြစ် ကြောင်း၊ ဝန်ထမ်းအားလုံး စိတ်ပျော်ရွင်စွာဖြင့် အလုပ်တာဝန်များကို ထမ်းဆောင်နိုင်စေရန် တတ်နိုင်သမျှထောက်ပံ့ ပေးအပ်ခြင်းဖြစ်ကြောင်း၊ ထို့အပြင် ကိုဗစ်ကာလဖြစ်နေသည့်အတွက် ကျန်းမာရေးကိုအထူးဂရုစိုက်ရန်နှင့် တတ်နိုင် သမျှ အသွား အလာသတိထား ဆင်ခြင်ရန် အလေးထားမှာကြားခဲ့သည်။
ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်လွင်၊ ဒုတိယ ဦးစီးမှူးများဖြစ်ကြသော ဦးဇင်ကိုလတ်၊ ဒေါ်သီတာအေးနှင့် ဒေါ်ယဉ်မင်းထက်တို့က ဝန်ထမ်းတစ်ဦးချင်းစီအား စားနပ် ရိက္ခာ(၁၁) မျိုးကိုထောက်ပံ့ပေးအပ်ခဲ့ပြီး ဝန်ထမ်း(၃၂) ဦးတို့အား တစ်ဦးလျှင် ဆီ(၁)ပိသာ၊ ကုလား ပဲဆန်(၅၀) ကျပ်သား၊ ကြာဇံ ၊ ကြက်ဥ၊ ခေါက်ဆွဲ ၊ ဟင်းခတ်မှုန့်၊ ငါးခြောက်၊ ငါးပိကောင်၊ ငံပြာရည်၊ ကော်ဖီမစ်၊ နို့ဆီ စသည့် အမယ်(၁၁)မျိုး နှင့် ပါးစပ်နှာခေါင်းစီး(Mask) ၊ လက်သန့်ဆေးရည်များ ထောက်ပံ့ပေးအပ်ခဲ့ပြီး ဝန်ထမ်းများ အား ကိုဗစ် ကာကွယ်ရေးအတွက် ဂျင်းပြုတ်ရေများ တိုက်ကျွေးခဲ့ကြောင်း သိရသည်။
အောင်ဌေး(မလှိုင်)