ကာမိုင်းမြို့ နန့်ကောင်းချောင်း ရေမြင့်တက်လာမှုကြောင့် ချောင်းကမ်းပါး မြေပြိုကျသဖြင့် လူနေအိမ် တစ်လုံးရွှေ့ပြောင်းပေးပြီး မြေထိန်း နံရံများ ဆောင်ရွက်လျက်ရှိ

မိုးညှင်း ဇူလိုင် ၁၀

 

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့ မြို့မရပ်ကွက်အတွင်းရှိ နန့်ကောင်း ချောင်းရေမြင့် တက်လာမှုကြောင့်  ပေ(၉၀၀)တံတား အထက်ပိုင်း လဝါးကျေးရွာဘက်ခြမ်းတွင် ဇူလိုင်(၅)ရက်နေ့က အလျားပေ(၉၀၀)ခန့်၊ အနံ(၂၇)ပေခန့် ချောင်းကမ်းပါးပြိုကျခဲ့သဖြင့် ဇူလိုင်(၆) ရက်နေ့မှ (၉)ရက်နေ့ထိ လူနေအိမ်တစ်လုံးဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးပြီး မြေထိန်းနံရံများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

အဆိုပါ ကမ်းပါးမြေပြိုကျမှုကြောင့် ချောင်းကမ်းနဘေးတွင်ရှိနေသည့် လူနေအိမ်တစ်လုံးအား ဘေးလွတ်ရာသို့ ပြောင်းရွှေ့ပေးပြီး လဝါး−ကာမိုင်း−ဖားကန့်သွား ကားလမ်းမပေါ်ရှိ ပေ(၉၀၀) တံတား ချဉ်းကပ်လမ်းသည် စတင်ထိခိုက်လာသဖြင့် ဆက်လက်တိုက်စားလာပါက ချဉ်းကပ်လမ်း ပါသွား၍ ဖားကန့်အတက်/အဆင်းယာဉ်များ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်သွားမည် ဖြစ်သည့်အတွက် ဇူလိုင်(၆)ရက်နေ့ကစ၍ တံတားချဉ်းကပ်လမ်းတိုက်စားမှုမှ ကာကွယ်ရန်အတွက် အောက်ခြေတွင် ကျောက်တုံးကြီးများချခြင်း၊ သစ်ချောင်းများဖြင့် ကတုတ်ရိုက်ခြင်းနှင့် သဲအိတ်များ ဖြင့် ကာရန်ခြင်း လုပ်ငန်းများအား ပြည်နယ်လမ်းအထူးအဖွဲ့(၁)မှ ဒုတိယညွှန်ကြားရေးမှူး (မြို့ပြ) ဦးစောဇာနည်လှ၏ လမ်းညွှန်မှုဖြင့် ကာမိုင်းမြို့အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

 

ထို နန့်ကောင်းချောင်းရေသည် ချောင်းအထက်ပိုင်းတွင် မိုးများရွာသွန်းမှုများပြားလာပါက ချောင်းရေမြင့်တက်လာပြီး ဆက်လက် တိုက်စားလာနိုင်မည်ဖြစ်သည့်အတွက် ရေတိုက်စားမှုမှ ကာကွယ်နိုင်ရန် ယခုမိုးတွင်းကာလတွင် ဝါးကရစ်ထိုး၍ ရေလမ်းကြောင်းပြောင်းရန်လိုအပ်ခြင်း၊ တံတားရေရှည်တည်တံ့စေရေးအတွက် တံတားအထက်/အောက်နေရာများတွင် (Steel Bracket) များဖြင့် ရေကာတာပြုလုပ်ပေးရန်လိုအပ်ကြောင်း စိစစ်တွေ့ရှိရသဖြင့် အဆိုပါလုပ်ငန်းများအား အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ဒေသခံပြည်သူများမှဆန္ဒပြုကြောင်း သိရှိရသည်။

 

ခရိုင်(ပြန်/ဆက်)