မြိတ် ဇူလိုင် ၁၀
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ ပြည်သူ့ဆေးရုံကြီးတွင် ကိုဗစ်-၁၉ ပိုးတွေ့ လူနာများလာသည့် အတွက် ရောဂါပိုးရှိပြီး ကိုဗစ်ရောဂါလက္ခဏာခံစားရမှု မရှိသည့် စိတ်ချရသောလူနာများအား ကန်ခေါင်းရပ်ကွက်ရှိ ယာယီပိတ်ထား သော ပြည်သူ့ဆေးရုံ မိခင်နှင့်ကလေးကုသဆောင်သို့ ဇူလိုင်လ(၉)ရက်နေ့က တိုးချဲ့ကာ ကျန်းမာရေးစောင့်ရှောက်ကုသပေးလျက်ရှိကြောင်းသိရသည်။
“ လူနာတွေက များလာတော့ ပြည်သူ့ဆေးရုံ သီးခြားလူနာဆောင်မှာ (၈၀)လောက်ပဲ ဆံ့တော့ (၈၅)ဦး ဖြစ်လာတော့ ရောဂါအခံနဲ့ အောက်ဆီဂျင် ရှူရမယ့် သူတွေထားလို့ရအောင် မိခင်နှင့်ကလေး ကုသဆောင် ဘက်ကို ပိုးရှိပြီး လက္ခဏာမရှိတဲ့ မနေ့ကတွေ့တဲ့(၂၂)ဦးကို ထားရှိကာ ကျန်းမာရေး စောင့်ရှောက်မှု ပေးနေပါတယ်။ ကုသရေးစင်တာအနေနဲ့ ပြည်သူ့ဆေးရုံကြီး နှင့် မိခင်နှင့်ကလေး ကုသဆောင်မှာ ဆောင်ရွက်နေပြီး ထပ်မံလိုအပ်ပါက ဇီဝိတဒါနသံဃာ့ဆေးရုံမှာ ဆက်လက်ဖွင့်မှာပါ။ မိခင်နှင့်ကလေးကုသဆောင်နဲ့ ဇီဝိတဒါနသံဃာ့ဆေးရုံမှာ ထားရှိ မယ့်သူတွေက ရောဂါပိုးရှိပြီး ကိုဗစ် ရောဂါ လက္ခဏာ ခံစားရမှုမရှိတဲ့သူတွေကို ထားရှိမှာပါ” ဟု ပြည်သူ့ဆေးရုံ ဆေးရုံအုပ်ကြီးက ပြောသည်။
မြိတ်ပြည်သူ့ဆေးရုံ၌ ဇူလိုင်လ(၉)ရက်နေ့အထိ ကိုဗစ်-၁၉ ပိုးတွေ့ လူနာ (၈၅)ဦးရှိနေပြီး ဆေးကုသမှုခံ ယူလျက်ရှိကြကြောင်း၊ မြိတ်ပြည်သူ့ ဆေးရုံတွင် မေလ(၂၃)ရက်မှ စတင်၍ ဇူလိုင်လ(၉)ရက်နေ့အထိ ရောဂါပိုး တွေ့ရှိသူ (၁၇၇)ဦးရှိခဲ့ပြီး ဆေးရုံမှပြန်ဆင်းသူ(၉၂)ဦးရှိ၍ သေဆုံးသူ(၄)ဦး ရှိခဲ့ကြောင်း၊ ကိုဗစ်ရောဂါပိုးတွေ့ရှိ သူများကို ပြည်သူ့ဆေးရုံကြီး သီးခြားလူနာဆောင်တွင် ကျန်းမာရေး စောင့်ရှောက် ကုသပေးလျက်ရှိပြီး မြိတ်မြို့ တွင် ပိုးတွေ့ရှိသူများ ပြားလာသည့်အတွက် ပြည်သူ့ဆေးရုံ မိခင်နှင့်ကလေးကုသဆောင်ကို ကိုဗစ် ကုသဆောင် အဖြစ်တိုးချဲ့၍ ရောဂါပိုးရှိပြီး ကိုဗစ်ရောဂါ လက္ခဏာ ခံစားရမှု မရှိတဲ့ သူတွေကို ထားရှိကာ ကျန်းမာရေး စောင့် ရှောက်ကုသပေး လျက်ရှိသည်။
မြိတ်မြို့ရှိပြည်သူများအား မြန်မာနိုင်ငံဆရာဝန်များအသင်း(မြိတ်)မှ စေတနာ့ဝန်ထမ်းဆရာဝန်များ၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ပရဟိတစေတနာ့ဝန်ထမ်းအဖွဲ့များ ပူးပေါင်းကာ သံဃာ့ဆေးရုံတွင် ဇူလိုင်လ(၅)ရက် နံနက်ပိုင်းမှစတင်ကာ Fever Clinic ဖျားနာအခမဲ့ ဆေးကုသခန်းအား ပြန်လည်ဖွင့်လှစ်ပြီး အနံ့ပျောက်၊ ဖျားနာလူနာများအား အခမဲ့ ကုသပေးလျက်ရှိသည်။ Fever Clinic ဖျားနာအခမဲ့ ဆေးကုသ ခန်းအား အပတ်စဉ် တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာနေ့ နံနက်(၁၀)နာရီမှ (၁၁)နာရီခွဲအချိန်ထိ ဖွင့်လှစ်ကုသပေးလျက်ရှိကြောင်း သိရသည်။
ခိုင်ထူး