ကျောက်မဲမြို့ပေါ်ရှိ ပျံကျဈေးများတွင် ပါးစပ်နှာခေါင်းစည်း Mask များ အခမဲ့ဖြန့်ဝေ

ကျောက်မဲ ဇူလိုင် ၁၀
 
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ကော်မတီ၏ အစီအစဉ်ဖြင့်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးဌာန၊ ယာဉ်ထိန်းတပ်ဖွဲ့တို့မှ ဝန်ထမ်းများနှင့် ရပ်ကွက်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက ယနေ့နံနက် ၇ နာရီ က ဘူတာပျံကျဈေးနှင့် အမှတ် ၈ ရပ်ကွက်ရှိ အခွန်လွတ်ဈေးတို့တွင် ပါးစပ် နှာခေါင်းစည်းMask များအခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ကျောက်မဲမြို့နယ်အတွင်းတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားသူ များပြား လာသည့် အတွက် ဗဟိုဈေးနှင့် မင်္ဂလာဈေးတို့ကို ဇူလိုင် ၃ ရက်နေ့မှ စ၍ယာယီ ပိတ်ထားခဲ့ပြီး ဟင်းသီးဟင်းရွက်နှင့် အသားငါးကဲ့သို့သော အခြေခံစားသောက်ကုန်များကို ရောင်းချသည့် ဘူတာပျံကျဈေးနှင့် အခွန်လွတ်ဈေးတို့ကိုသာ ဖွင့်လှစ်ခွင့်ပြုခဲ့သည်။
ထို့ကြောင့်အဆိုပါ ဈေးရောင်းချခွင့်ပြုသည့် ပျံကျဈေးများရှိ ဈေးရောင်းချ သူများနှင့် ဈေးဝယ်သူများ ပါးစပ်နှာခေါင်းစည်း Mask များစနစ်တကျ တပ်ဆင်အသုံးပြုခြင်းဖြင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်နိုင်ရန်ရည်ရွယ်၍ ပါးစပ်နှာခေါင်းစည်းများကို အခမဲ့ဖြန့်ဝေပေးရခြင်းဖြစ်ကြောင်း သိရသည်။
အလားတူလာမည့် နေ့တနင်္ဂနွေနေ့တွင်လည်း အဆိုပါပျံကျဈေးများ၌ Mask များကို အခမဲ့ထပ်မံ ဖြန့်ဝေ ပေးသွားမည်ဖြစ်ကြောင်းမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ကော်မတီမှတာဝန်ရှိသူတစ်ဦး၏ ပြောကြား ချက်အရ သိရသည်။
မိုင်းထွန်း