မိုင်းဖြတ်၊ ဇူလိုင် ၁၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဆိုင်ရာ၊ မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံးမှ "ပန်းခင်းစီမံချက်"ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို ကွင်းဆင်ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ နံနက် ၁၀နာရီ အချိန်ခန့်က နမ့်လောက်ကျေးရွာအုပ်စု၊ နမ့်လောက်ကျေးရွာ ဘုန်းကြီး ကျောင်း၌ ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ မိုင်းဖြတ်မြို့နယ် ဦးစီးမှူးရုံးမှ မြို့နယ် ဦးစီးမှူး ဦးမြင့်ဌေးက “ပန်းခင်းစီမံချက်”ဖြင့် တရားဝင် အိမ်ထောင်စုလူဦးရေစာရင်းနှင့် ရွေ့ပြောင်း အိမ်ထောင်စုလူဦးရေစာရင်း ထုတ်ပေးနိုင်ရေး၊ ကျေးရွာနေပြည်သူများအနေဖြင့် အသက်ပြည့်မီ သူတိုင်း နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် နိုင်ငံသားတစ်ယောက်အနေဖြင့် ရသင့် ရထိုက်သည့် ကတ်တစ်မျိုးမျိုး လက်ဝယ်ကိုင်ဆောင်ခွင့်ရရှိရေးအတွက် လာရောက်ကွင်းဆင်း ဆောင်ရွက်ပေး ရခြင်နှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် “ပန်းခင်းစီမံချက်”လုပ်ငန်းဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များနှင့် နှာခေါင်းစည်း(Mask)များကို ဖြန့်ဝေပေးခဲ့သည်။
ဆက်လက်၍ ဝန်ထမ်းများက နမ့်လောက်ကျေးရွာအုပ်စုအတွင်းရှိ၊ နမ့်လောက်ကျေးရွာ၊ တာမ၊ ဝမ်ဆာ၊ ဖွေးဟုန်းစသည့်ကျေးရွာများမှ ကျေးရွာ နေပြည်သူများကို လာရောက်လျှောက်ထားသည့် အိမ်ထောင်စုလူဦးရေစာရင်း ၃ဦးနှင့် အသက်၁၀နှစ်ပြည့်နှင့် ၁၈နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြား စုစုပေါင်း ၉၁ဦးကို(အခမဲ့) ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။
သန်ထွန်းအေး