နောင်ချိုမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးကော်မတီမှ လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲကျင်းပ

နောင်ချို  ဇူလိုင်  ၉   

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ နောင်ချိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ယနေ့နံနက်ပိုင်း က မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးကော်မတီ၏ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ကျောက်မဲခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်ဇင် က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးရဲလင်းဦး က မြို့ဝင်စစ်ဆေးရေးဂိတ်များအား လက်ရှိဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အခြေအနေများကို ချပြဆွေးနွေးခဲ့သည်။

၎င်းနောက် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာကိုကို က မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ စစ်ဆေးမှု  အခြေအနေ၊ ပိုးတွေ့လူနာများအား ကြပ်မတ်ကုသနေမှု၊ ထားရှိမှု အခြေအနေများကို ရှင်းလင်း ဆွေးနွေးခဲ့သည်။ ဆက်လက်၍ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး ကော်မတီဝင် စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးမျိုးဝင်းဇော် က မိမိတို့မြို့နယ်သည် Stay at Home သတ်မှတ်ထားသည့် မြို့ဖြစ်သည့်အတွက် ပြည်သူများအနေဖြင့် လိုက်နာမှု ရှိ /မရှိ ကွင်းဆင်းဆောင်ရွက်မှုများ၊ စားသောက်ကုန်နှင့် ဆေးပစ္စည်းအရောင်းဆိုင်များမှ လွှဲ၍ အခြားကုန်မာဆိုင်၊ အထည်ဆိုင်များ ဖွင့်လှစ်ရောင်းချမှုမရှိစေရေး အသိပေးဆောင်ရွက်မှုများအား တင်ပြဆွေးနွေးကာ တက်ရောက်လာကြသော ကော်မတီဝင်များက မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပျက် ပေါင်းစပ်ဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

ထွေးငယ် (ပြန်/ဆက်)