နမ့်ခမ်း ဇူလိုင် ၉
မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့၌ မြို့နယ် စည်ပင်သာယာရေး နယ်နိမိတ်အတွင်းတွင် ဖွင့်လှစ်ရောင်းချ နေသည့် စားသောက်ဆိုင်များအား ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ် ကုသနိုင်ရေး အတွက် ဆိုင်ထိုင်ရောင်းချခြင်းအစား ပါတယ်စနစ်(Take Away)ဖြင့်သာ ရောင်းချရမည်ဟု ယနေ့ နံနက်ပိုင်းတွင် မြို့နယ် စည်ပင်သာယာရေးဌာနက ထုတ်ပြန်အသိပေးကြောင်း သိရသည်။
ယခုကာလသည် ကိုဗစ်-၁၉ ရောဂါ ကူးစက်မြန်သည့် ကာလဖြစ်သည့်အတွက် နမ့်ခမ်းမြို့ အနေဖြင့် ရောဂါကာကွယ် ထိန်းချုပ် ကုသနိုင်ရန် လုပ်ငန်းစဉ်ဖြစ်သည့် မြို့နယ်စည်ပင် သာယာရေး နယ်နိမိတ်အတွင်းတွင် ဖွင့်လှစ်ရောင်းလျက်ရှိသည့် စားသောက်ဆိုင်များ အားလုံး သည် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ တိကျလိုက်နာနိုင်ရန် နှင့် ဆိုင်များတွင် ဆိုင်ထိုင်ရောင်းချ ခြင်းအစား ပါဆယ်စနစ်(Take Away)ဖြင့်သာ ရောင်းချ ဆောင်ရွက်သွားရမည်ဖြစ်ပြီး တိကျလိုက်နာ ဆောင်ရွက်မှုမရှိပါက ဥပဒေများနှင့်အညီ ထိရောက်စွာ အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း မြို့နယ် စည်ပင်သာယာရေးဌာနမှ ထုတ်ပြန် အသိပေးသည်။
ထုတ်ပြန်ချက်ညွှန်ကြားစာများကို စားသောက်ဆိုင်များ ဖွင့်လှစ်ရောင်းချသည့် ပြည်သူများက လိုက်နာသိရှိနိုင်ရန်နှင့် မိမိဆိုင်မှ ရောဂါကာကွယ်နိုင်ရေးအတွက် ကြိုတင်ထားရှိရ မည့် ရောဂါကာကွယ် ရေးပစ္စည်းများဖြစ်သည့် Hand Gel၊ နှာခေါင်းစည်း(Mask)နှင့် လက်ဆေး ဘေစင်များ ရှိထားမှုရှိ/မရှိ စည်ပင်သာယာရေးဌာနမှ တာဝန်ရှိသူများက လိုက်လံစစ်ဆေးပြီး ညွှန်ကြားစာများအား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ဘဦး(ပြန်/ဆက်)