မိုင်းဆတ်မြို့၌  ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ရှမ်းပြည်နယ်အစိုးရရန်ပုံငွေဖြင့် ဝယ်ယူဖြန့်ဖြူးပေးသော ဒေသ နွားပြာစိမ်း လွှဲပြောင်းပေးအပ်

မိုင်းဆတ်  ဇူလိုင်  

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၌ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ရှမ်းပြည်နယ် အစိုးရ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဝယ်ယူဖြန့်ဖြူးပေးသော ဒေသနွားပြာစိမ်းလွှဲပြောင်းပေးအပ်ခြင်း ကို ယနေ့နံနက် ၉ နာရီက လွယ်ဆောင်ကျေးရွာအုပ်စု၊ ဘာထန်ကျေးရွာတွင်ကျင်းပသည်။

ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဟိန်းကျော်က အမှာစကားပြောကြားပြီး ခရိုင် မွေးမြူရေးနှင့်ကုသရေးဦးစီးမှူး ဒေါက်တာနိုင်ထွန်းဦးက ဒေသနွားပေးအပ်ရခြင်းရည်ရွယ်ချက်နှင့် မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးမှူး ဒေါက်တာစောထက်ဝင်းက ကျွဲ၊ နွားများတွင် ဖြစ်တတ် သည့် ရောဂါ ကြိုတင်ကာကွယ်ရေးနည်းလမ်းများ ရှင်းလင်းပြောကြားသည်။

“ကျွန်တော်တို့ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနကနေ နိုင်ငံတော်ရဲ့ ခွင့်ပြုရန်ပုံငွေနဲ့ ကျေးရွာတွေ မှာ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် မူလမွေးမြူတဲ့ မျိုးတွေကို မျိုးပြောင်းလဲစေချင်တဲ့ ရည်ရွယ်ချက်နဲ့ ဒေသနဲ့ကိုက်ညီပြီး ဖွံ့ဖြိုးမှုအားကောင်းတဲ့ ဒေသနွားမျိုးတွေဖြစ်လာဖို့ ဖြန့်ဖြူးပေးရ ခြင်းဖြစ်ပါတယ်၊ ပေးအပ်တဲ့နွားတွေကို ပျောက်ရှမှုမရှိအောင် ထိန်းသိမ်းဖို့လည်းလိုပါတယ်”ဟု ဒေါက်တာနိုင်ထွန်းဦး ကပြောသည်။

ဆက်လက်၍ ဘာထန်ကျေးရွာရှိ အိမ်ထောင်စု(၁၀)စုအတွက် တစ်အိမ်ထောင်လျှင် ဒေသနွားပြာ စိမ်း နွားမ(၁)ကောင်နှုန်းဖြင့်  စုစုပေါင်း ဒေသနွားပြာစိမ်း(၁၀)ကောင်ပြည်သူများ ထံသို့ပေးအပ်ပြီး ဒေသနွားလက်ခံရရှိမှု မှတ်တမ်းနှင့် စာချုပ်များလွှဲပြောင်းပေးအပ်ခဲ့သည်။

အဆိုပါ ဒေသနွားပြာစိမ်းများမွေးမြူရမည့် ကာလကို(၃)နှစ်ခွင့်ပြုပေးထားပြီး တိုးပွားလာသော နွားများကို မွေးမြူသည့် အိမ်ထောင်စုများအကျိုးအမြတ်အတွက် ပေးအပ်မှာဖြစ်ကြောင်း၊ (၃)နှစ် ပြည့်ပါက စတင်ပေးအပ်ထားသောနွား အသက်၊ အရွယ်အစားအတိုင်း အခြားကျေးရွာတစ်ရွာသို့ ဆက်လက်ဖြန့်ဖြူး နိုင်ရန် ကျေးရွာကော်မတီမှမွေးမြူရေးနှင့်ကုသရေးဦးစီးဌာနသို့ ပြန်လည်အပ်နှံ ရမည်ဖြစ်ကြောင်းသိရသည်။

မြင့်မောင်(မိုင်းဆတ်)