မလှိုင် ဇူလိုင် ၉
ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်း ဖြစ်ပွားနေချိန်တွင် ရောဂါကူးစက်ပြန့်ပွားမှုထိန်းချုပ်နိုင်ရေးနှင့်ကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော လုပ်ငန်းလမ်းညွှန်ချက်များကို ကျေးလက်နေ အများပြည်သူ သိရှိလိုက်နာနိုင်ရန် အသိပေး၊သတိပေး ကြေညာခြင်းကို ယမန်နေ့က မလှိုင်မြို့နယ်အတွင်းရှိ အိုင်မရိုး၊ ပန်းအိုင်၊ ဆုံတွင်း၊ သိမ်ကုန်း၊ မှရိုး စသည့် ကျေးရွာအုပ်စု(၅၂)အုပ်စု၌ အသီးသီးဆောင်ရွက်ခဲ့ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှသိရသည်။
မလှိုင်မြို့နယ်တွင် ရပ်ကွက်ကြီး(၄)ခု၊ ကျေးရွာအုပ်စု(၅၂) အုပ်စု၊ ကျေးရွာပေါင်း(၂၄၇)ရွာရှိ၍ တစ်မြို့နယ်လုံးတွင် အိမ်ခြေ(၃၄၂၅ဝ)အိမ်၊ အိမ်ထောင်စု( ၃၄၈၇၄ )စု၊ လူဦးရေ (၁၇၈၃၃၇) ဦး နေထိုင်လျက်ရှိသည်။ ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်း ဖြစ်ပွားနေချိန်တွင် မလှိုင်မြို့နယ် ပြည်သူ့ ဆေးရုံရှိ သီးသန့်လူနာဆောင်တွင် လက်ရှိကိုဗစ်-၁၉ ပိုးတွေ့လူနာ(၂၉)ဦး ၊နှောကန်တိုက်နယ် ဆေးရုံတွင်(၁)ဦး ဆေးဝါးကုသမှုခံယူလျက်ရှိပြီး တစ်ခြားအရပ်ဒေသမှ ပြန်လာသူ၊ ရောဂါပိုးရှိသူ နှင့်ထိစပ်သူများကို Quarantine ထားရှိရန် သက်ဆိုင်ရာ ကျေးရွာများ၌ Quarantine Center (၁၂)ခု ထားရှိပေးထားပြီး လူဦးရေ( ၅ဝ )ဦး Quarantine ဝင်ရောက်လျက်ရှိသည်။
ထို့ကြောင့် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု ထိန်းချုပ်နိုင်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော လုပ်ငန်းလမ်းညွှန်ချက်များကို ကျေးရွာများအထိ ကျယ်ကျယ်ပြန်ပြန့် သိရှိနိုင်စေရန် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့်စာရေးဝန်ထမ်းများက Hand Speaker များဖြင့် လိုက်လံအသိပေး၊ သတိပေးနှိုးဆော်ခဲ့ပြီး တိကျစွာလိုက်နာဆောင်ရွက်သွားရန်နှင့် ကိုယ်ပူခြင်းချောင်းဆိုးခြင်း၊ အသက်ရှုကြပ်ခြင်း၊ အားအင်ကုန်ခမ်းခြင်း၊ ရုတ်တရက်အနံ့အရသာပျောက်ခြင်း ဖြစ်ပေါ်ပါက နီးစပ်ရာ ကျန်းမာရေးဌာနသို့ ဆက်သွယ်၍ စောစီးစွာ ကုသမှုခံယူရန်၊လိုက်လံအသိပေးကြေညာခဲ့ကြောင်း သိရသည်။
အောင်ဌေး( မလှိုင် )