မိတ္ထီလာ ဇူလိုင် ၉
မိတ္ထီလာမြို့တွင် ကိုဗစ်-၁၉ရောဂါ နှင့်ဆက်စပ်၍ အောက်ဆီဂျင်လိုအပ်သည့် လူနာများအား အိမ်တိုင်ရာ ရောက်သွားရောက်ပြီး အောက်ဆီဂျင်ရရှိရေးကို ကူညီဆောင်ရွက် ပေးလျက်ရှိကြောင်း အဆိုပါ အောက်ဆီဂျင်ရရှိရေး ကူညီဆောင်ရွက်ပေးနေသူ ကျော်လူမှုကူညီရေးအဖွဲ့ဥက္ကဋ္ဌထံက သိရသည်။
‘‘လတ်တလောနေရာ အခက်အခဲကြောင့် Quarantine နဲ့ဆေးရုံကို မသွားရောက်နိုင်တဲ့ မိတ္ထီလာမြို့က ကိုဗစ်-၁၉ရောဂါနဲ့ ပတ်သက်တဲ့ လူနာတွေအတွက် အောက်ဆီဂျင်ရရှိဖို့အတွက် အခက်အခဲတွေ ရှိနေကြောင်း သိရတာကြောင့် ပြည်သာယာလူငယ်ပရဟိတလူမှုကူညီရေး အသင်းနဲ့ ကျော်လူမှုကူညီရေး အသင်းတို့ ပူးပေါင်းပြီး အောက်ဆီဂျင်ရရှိဖို့ အိမ်တိုင်ရာရောက် သွားရောက်ကူညီ ဆောင်ရွက်ပေးနေတာ ဖြစ်ပါတယ်။ အခုနောက်ပိုင်း အောက်ဆီဂျင်တိုင်းတဲ့ စက်ကလေးတွေပါ လူနာရှိတဲ့ အိမ်မှာပေးထားပြီး သတ်မှတ် အောက်ဆီဂျင်ထက်လျော့ကျနေရင် ကျွန်တော်တို့အဖွဲ့တွေ သွားရောက်ကူညီပေးနေပါတယ်ဟု’’ ကျော်လူမှုကူညီရေး အသင်းဥက္ကဋ္ဌ ဦးကျော်က ပြောသည်။
မိတ္ထီလာမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါနှင့် ဆက်စပ်သည့် လူနာရှင်အများ အနေဖြင့် အောက်ဆီဂျင်ရရှိရေး အခက်အခဲရှိပါက ပြည်သာယာလူငယ်ပရဟိတ လူမှုကူညီရေးအသင်းနှင့် ကျော်လူမှုကူညီရေးအသင်းများ၏ ဖုန်းနံပါတ် ၀၉-၇၉၀၁၅၉၃၆၁ ၊ ၀၉-၄၀၀၇၃၃၇၀၃ တို့ကို ဆက်သွယ် အကူအညီ တောင်းခံနိုင်ပြီး လုပ်ငန်းများပိုမို အောင်မြင်နိုင်ရေးအတွက် ပါဝင်ကူညီလှူဒါန်း လိုသူများ အနေဖြင့်လည်း အဆိုပါ ဖုန်းနံပါတ်များသို့ ဆက်သွယ် လှူဒါန်းနိုင်ကြောင်း သိရသည်။
ချမ်းသာ