မိုင်းပန်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်တားဆီးရေးအတွက် မြို့မဈေးအတွင်း ပိုးသတ်ဆေးဖျန်းခြင်းဆောင်ရွက်

မိုင်းပန်  ဇူလိုင်  ၉

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် မြို့မဈေးအတွင်းတွင် ယနေ့နေ့လည် (၁၁) နာရီအချိန် က မြို့နယ်စည်ပင်သာယာရေးဌာနမှ ပိုးသတ်ဆေးရည်များ ပက်ဖျန်းခဲ့ကြောင်း သိရသည်။

ဇူလိုင်လ (၄) ရက်နေ့တွင် RDT Test Kit ဖြင့်စစ်ဆေးချက်အရ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့သူ (၂) ဦးအနက် တစ်ဦးမှာ မြို့မဈေးအတွင်း၌ ဈေးရောင်းခဲ့ကြောင်းသိရှိရပြီး ယနေ့တွင် မြို့မဈေးအတွင်းရှိ ဆိုင်တိုင်း၌ မြို့နယ်စည်ပင်သာယာရေးဌာနမှ တာဝန်ခံအင်ဂျင်နီယာ ဦးပြည့်ဖြိုးဟန် ဦးစီး၍ ဌာနမှဝန်ထမ်းများက ပိုးသတ်ဆေးဖျန်းခဲ့ကြောင်းနှင့် မြို့မဈေးအား ဇူလိုင်လ (၉) ရက်နေ့မှ (၁၅) ရက်နေ့အထိ ယာယီပိတ်ထားကြောင်း မြို့နယ်စည်ပင်သာယာရေးဌာန၏ တာဝန်ရှိသူတစ်ဦးထံမှ သိရှိရသည်။

မိုင်းပန်မြို့နယ်တွင် ဇူလိုင်လ (၄) ရက်နေ့မှ ဇူလိုင်လ (၉) ရက်နေ့ နေ့လည် (၁၂) နာရီအထိ RDT Test Kit ဖြင့် စစ်ဆေးချက်အရ COVID-19 ရောဂါပိုးတွေ့ရှိသူ စုစုပေါင်း (၁ဝ) ဦးရှိကြောင်းနှင့် ၎င်းတို့အား မြို့နယ် ပြည်သူ့ဆေးရုံအတွင်းရှိ Isolation Ward တွင် ထားရှိပြီး ဆေးကုသပေးလျက်ရှိကြောင်း သိရသည်။

မိုင်းပန် (ပြန်/ဆက်)