မြဝတီမြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အသံချဲ့စက်ဖြင့် အသိပညာပေး နှိုးဆော်မှုများ ဆက်လက်ဆောင်ရွက်

မြဝတီ  ဇူလိုင်  ၉

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့၌ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုများ များပြားလာသဖြင့် အသိပညာပေး နှိုးဆော် မှုများအား အသံချဲ့စက်ဖြင့် ကျယ်ကျယ်ပြန့်ပြန့်ဖြင့် လိုက်လံဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၁၀ နာရီက မြဝတီမြို့ပေါ် ရပ်ကွက်များအတွင်း  လိုက်လံနှိုးဆော်ခြင်းများ ဆက်လက်ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာ မြဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြဝတီခရိုင်ဘေး အန္တရာယ်စီမံခန့် ခွဲမှုဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်သည်။

အဆိုပါ အသိပညာပေး လိုက်လံနှိုးဆော်မှုကို မြဝတီခရိုင်ဘေးအန္တရာယ်စီမံခန့် ခွဲမှုဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးဉာဏ်မြင့်နှင့် ဝန်ထမ်းများ၊ မြဝတီခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ဖြိုးဖြိုးစံနှင့် ဝန်ထမ်းများ၊ မြဝတီခရိုင်မီးသတ်တပ်ဖွဲ့မှ တပ်ကြပ်ကြီး ချစ်ရအောင်နှင့် တပ်ဖွဲ့ဝင်များက ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

မြဝတီမြို့အနေဖြင့်လည်း ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားသူများ များပြားလာသည့်အတွက် မြဝတီမြို့အတွင်းရှိ စား သောက်ဆိုင်များအားလုံး ဆိုင်ထိုင်စား သောက်ခြင်းကို တားမြစ်ထားပြီး ပါဆယ်စနစ်ဖြင့်သာ ခွင့်ပြု ပေးလျက်ရှိပြီး အခြေခံ ပညာကျောင်းများပါ နှစ်ပတ် ပိတ်ထားလျက်ရှိကြောင်း သိရသည်။

ထိန်လင်းအောင်(ပြန်/ဆက်)