လားရှိုးမြို့ရှိCornerstone Resource (Myanmar)Ltdမှ ကိုဗစ်(၁၉)ကာကွယ်ရေးလုပ်ငန်းများတွင်အသုံးပြုရန် အလှူငွေများ လှူဒါန်း

လားရှိုး  ဇူလိုင်  ၉

လားရှိုးမြို့၌ ကိုဗစ်(၁၉) အတည်ပြုလူနာများအားလားရှိုးပြည်သူ့ဆေးရုံကြီး စောင့်ကြည့်ကုသ ရေးအဆောင်များသာမက ပြည်ထောင်စုအားကစားကွင်း မိုးလုံလေလုံခန်းမ စောင့်ကြည့် ကုသရေးအဆောင်၊ ပညာရေးကောလိပ်စောင့်ကြည့် ကုသရေးအဆောင်များကိုထပ်မံဖွင့်လှစ် စောင့်ကြည့်ကုသပေးလျက်ရှိသည်။

ယမန်နေ့ မွန်းတည့်(၁၂)နာရီက လားရှိုးမြို့နယ် ကိုဗစ်(၁၉)ကာကွယ်ထိန်းချုပ်ကုသရေး ကော်မတီထံသို့ Cornerstone Resource (Myanmar)Ltdမှ ကိုဗစ်(၁၉)ကာကွယ် ကုသရေး လုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက်ငွေကျပ်သိန်း(၃၀)ကို ပေးအပ်လှူဒါန်းရာ လားရှိုး မြို့နယ် အုပ်ချုပ်ရေးမှူးဦးဇော်နိုင်ဦးနှင့် တာဝန်ရှိသူတို့ကလက်ခံခဲ့သည်။

ကိုဗစ်(၁၉)ကာကွယ်ထိန်းချုပ်ကုသရေးကော်မတီအနေဖြင့်လည်း သက်ဆိုင်ရာဌာနများ ပါဝင် လျက် ကျန်းမာရေးဝန်ကြီးဌာနက လမ်းညွှန်ထားသောလမ်းညွှန်ချက်များအပါအဝင် Stay at home ကြေငြာထားသည့်နေ့မှစ၍ ပူးပေါင်းအဖွဲ့တို့သည် ရပ်ကွက်များအလိုက် ပညာပေး လုပ်ငန်းများ ဆောင်ရွက်ခြင်းအပြင် လမ်းညွှန်ထားရှိသော စည်းကမ်းများမှ မလိုအပ်ပဲ အပြင် မထွက်ခြင်း၊ မဖြစ်မနေထွက်ပါကလည်း အိမ်တစ်အိမ် (၁)ဦးသာထွက်၍ စျေးဝယ်ခြင်း၊ ဆေးရုံ ဆေးခန်းသို့သွားရပါကလည်း (၂)ဦးသာသွားခြင်း၊ အပြင်ထွက်တိုင်း နှာခေါင်းစည်း တပ်ဆင်ရေး အစရှိသော ကိုဗစ်(၁၉)ကာကွယ်ရေးလမ်းညွှန်ချက်များကို ဆောင်ရွက်လျက်ရှိနေကြကြောင်း သိရသည်။ ထို့ပြင် ယနေ့အထိ ပိုးတွေ့လူနာပေါင်း(၇၁၅)ဦးရှိကာ၊ ဆေးရုံဆင်းသူ(၃၆၈)ဦးရှိပြီး ၊သေဆုံးသူ(၁၇)ဦးရှိနေကြောင်းသိရသည်။

ဟန်ဌေး (လားရှိုး)