မက်မန်း ဇူလိုင် ၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း) “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း မက်မန်းခရိုင် မက်မန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် နှာခေါင်းစည်းများ တပ်ဆင်ရေး Mask Campaign ပြုလုပ်ခြင်းကို ယနေ့နံနက် ၉ နာရီက ဆောင်ရွက်ခဲ့သည်။
ထိုသို့ Mask Campaign ပြုလုပ်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းလင်းအောင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲ ဝန်ထမ်းများ၊ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနနှင့် ပူးပေါင်း၍ Mask နှာခေါင်းစည်း (၅၀၀)ခုကို မက်မန်းမြို့နယ်အတွင်း အမှတ် (၁) ရပ်ကွက်၊ အမှတ်(၂)ရပ်ကွက်ရှိ လူနေအိမ်များတို့၌ ဒေသခံပြည်သူများနှင့် ရပ်ကွက်အတွင်း တွင် ဖြတ်သန်းသွားလာနေသည့် ပြည်သူများအား နှာခေါင်းစည်းများ အခမဲ့ဝေငှခဲ့ကြပြီး မလိုအပ်ဘဲ နေအိမ်ပြင်ပသို့သွားလာခြင်းများ မပြုလုပ်ရေး၊ သွားလာခဲ့ပါက ထွက်ခွာတိုင်း နှာခေါင်းစည်းများ တပ်ဆင်အသုံးပြုရေးတို့ကို အသိပညာပေးပြောကြားခဲ့သည်။
မြို့နယ် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ မှ လူမှုရေးအသင်းအဖွဲ့များနှင့် ပူးပေါင်း၍ ကိုဗစ်၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့အဝင်တွင် ကျန်းမာရေးစစ်ဆေးရေးဂိတ်များဖွင့်လှစ်၍ အရှိန်အဟုန်မြှင့် ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။