ရန်ကုန် ဩဂုတ် ၁၁
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲဆန္ဒရှင်စာရင်း ပြင်ဆင်ဖြည့်စွက်ခြင်းလုပ်ငန်း တွေ့ဆုံပွဲကို ယနေ့နံနက် ၁၀:၃၀ အချိန်က ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ရုံးအစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
တွေ့ဆုံပွဲတွင် နိုင်ငံတော်သမ္မတရုံး အမြဲတမ်းအတွင်းဝန် ဦးဇော်သန်းသင်းက မိမိတို့အနေဖြင့် ယခုကဲ့သို့ လာရောက် တွေ့ဆုံရခြင်းသည် ပထမအကြိမ် မဲဆန္ဒရှင်စာရင်း ကပ်ထားကြေငြာရာတွင် အားနည်းချက်၊ အားသာချက်များကို သိရှိထားပြီး ဖြစ်၍ အားနည်းချက်များအား ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းကပ်ထားကြေငြာရာတွင် အကောင်းဆုံး ဖြစ်အောင်၊ အမှားအနည်းဆုံးဖြစ်အောင် သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် အထူးကြိုးပမ်း ဆောင်ရွက် သွားစေ လိုကြောင်း၊ သင်္ဃန်းကျွန်း မြို့နယ်အတွင်း မဲစာရင်းတွင်ပါရှိပြီး မှတ်ပုံတင်မရရှိသေးသူများအား ဆန္ဒမဲပေးခွင့် မဆုံးရှုံး စေရေးအတွက် မြို့နယ် အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ အချိန်မီ ဆောင်ရွက်ပေး နိုင်ရေး၊ ရပ်ကွက်များအတွင်း ဆန္ဒမဲစာရင်း ကပ်ထားကြေညာခြင်းများအား ပြည်သူများ သိရှိစေရန် အတွက် လှုံ့ဆော်ကြေငြာပေးခြင်းများ၊ ဆန္ဒမဲစာရင်းတွင်ပါဝင်ခြင်း ရှိ/မရှိ သွားရောက် ကြည့်ရှုကာ မဲစာရင်းတွင် မပါဝင်ပါက ပုံစံ(၃)ဖြင့် လျှောက်ထားစေရန်နှင့် ဒုတိယအကြိမ် မဲစာရင်းကပ်ထားကြေငြာရာတွင် အမှားအနည်းဆုံး ဖြစ်စေရေး အတွက် ဌာနဆိုင်ရာများအနေဖြင့် ပူးပေါင်းဆောင်ရွက်ကြရန် ဆွေးနွေးပြောကြားသည်။ ထို့နောက် တက်ရောက်လာ ကြသူများမှ မဲဆန္ဒမဲစာရင်းနှင့်ပတ်သက်၍ သိရှိလိုသည်များကို ဆွေးနွေးတင်ပြခဲ့ကြသည်။
တွေ့ဆုံပွဲသို့ နိုင်ငံတော်သမ္မတရုံး အမြဲတမ်းအတွင်းဝန်ဦးဇော်သန်းသင်း၊ အလုပ်သမား လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးအေးလွင်၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် တာဝန်ရှိသူများ၊ အလုပ်သမားလူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် တာဝန်ရှိသူများ၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတို့မှ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် တာဝန် ရှိသူများ၊ သင်္ဃန်းကျွန်းမြို့နယ် မဲဆန္ဒရှင်စာရင်းစိစစ်ရေးလုပ်ငန်း ကော်မတီဝင်များ၊ ရပ်ကွက်လူဦးရေစာရင်း ကောက်ယူ ရေး လုပ်ငန်းအဖွဲ့ဝင်များ၊ ရပ်ကွက်မဲဆန္ဒရှင် စိစစ်ရေးအဖွဲ့ဝင်များနှင့် မြို့နယ်အတွင်းရှိ မဲဆန္ဒရှင်ပြင်ဆင် ဖြည့်စွက် လိုသူ ပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ရဲမင်းထွန်း(ပြန်/ဆက်)