ကော့မှူးတွင် ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိသူ (၇၄ )ဦးထိရှိလာ

ကော့မှူး ဇူလိုင် ၉

ရန်ကုန်တောင်ပိုင်းခရိုင် ကော့မှူးမြို့နယ်တွင် ယနေ့နံနက် ၁၀နာရီအထိ ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း ရောဂါပိုးများကြောင့် ပိုးတွေ့ရှိလူနာ(၇၄)ဦး ထိရှိလာပြီး Contact Person အရေအတွက် (၂၃၂)ဦးဖြစ်ကြောင်း သိရသည်။

အဆိုပါ ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်းရောဂါပိုးတွေ့ရှိ လူနာများအား မြို့ကုန်းကျေးရွာ လင်းလွန်း တစ်ထောင် ဘုန်းတော်ကြီးကျောင်း၊ ဘုရားလမ်းရပ်ကွက် တောရကျောင်းနှင့် ကျိုက်ထော်ကျေးရွာ ကျိုက်ထော်ဆေးရုံတို့တွင် ထားရှိကာ ဆေးဝါးကုသပေးလျက်ရှိပြီး ရောဂါပိုးတွေ့ရှိသူများ၏ နေအိမ်များ အတွင်းနှင့် နေအိမ်ပတ်ဝန်းကျင်အား ဆေးဖျန်းပေးခြင်း ရောဂါပိုးရှိသူလူနာများနှင့် ထိစပ်ခဲ့သူများအား နေအိမ်တွင် အသွားအလာ ကန့်သတ် စောင့်ကြည့်ခြင်းနှင့် ကျန်းမာရေး အသိပညာပေးမှုများ ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

ကော့မှူးမြို့နယ်တွင် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်းရောဂါပိုးတွေ့ရှိသူများရှိသဖြင့် ရောဂါကာကွယ် ထိန်းချုပ်ခြင်း ကုသခြင်းလုပ်ငန်းများ ပိုမိုထိရောက်စွာ ဆောင်ရွက်စေနိုင်ရေးအတွက် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ဒေဝ ဦးဆောင်မှုဖြင့် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့နယ်ကြက်ခြေနီသူနာပြု တပ်ဖွဲ့မှ မြို့နယ်တပ်ဖွဲ့မှူး ဦးအောင်ကျော်စိုးနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်အတွင်းရှိ ပရဟိတအဖွဲ့များ ပူးပေါင်း၍ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကျော်သူရ