သင်္ဃန်းကျွန်းမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် အာဇာနည်နေ့ အထိမ်းအမှတ်အကြို စာဖတ်ဝိုင်းကျင်းပ

ရန်ကုန် ဇူလိုင် ၉
 
ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် အာဇာနည်နေ့အထိမ်းအမှတ် စာဖတ်ဝိုင်းကို ယမန်နေ့ နေ့လယ် ၂ နာရီက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ စာဖတ်ဝိုင်း ကျင်းပ ပြုလုပ်ခဲ့သည်။
 
အဆိုပါစာဖတ်ဝိုင်းတွင် စာရေးဆရာမ ပေါက်ပေါက်က စာရေးဆရာ ဖိုးအောင်လေး ပြုစုထားသော "အောင်ဆန်းဒိုင်ယာရီ"စာအုပ်ဖြင့် ဦးဆောင်ဆွေးနွေးခဲ့ပြီး တက်ရောက်လာသော စာပေချစ်သူများမှ လည်း စာအုပ်ပါ အကြောင်းအရာများကို အချင်းချင်း အမြင်ခြင်းဖလှယ် သည့် အနေဖြင့် ပါဝင်ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။
 
လူငယ်များ အသိပညာဗဟုသုတ တိုးပွားစေရန်နှင့် စာဖတ်ရှိန်မြင့်တက်စေရန် ရည်ရွယ်ပြီး စာဖတ်ဝိုင်းများကို ကျင်းပပေးရခြင်းဖြစ်ကြောင်း ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။
 
စန္ဒာမိုး