ကော့မှူး ဇူလိုင် ၉
ရန်ကုန်တောင်ပိုင်းခရိုင်၊ ကော့မှူးမြို့နယ်အတွင်း ဖွင့်လှစ်ရောင်းချသော လက်ဖက်ရည်ဆိုင်နှင့် စားသောက်ဆိုင်များအား ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ပါဆယ်စနစ်ဖြင့် ရောင်းချရေး အသိပညာပေးခြင်းကို ယနေ့ နံနက်က ဆောင်ရွက်နေ ကြောင်း သိရသည်။
အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မြို့နယ်အတွင်း ဖွင့်လှစ်ရောင်းချသော လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်များ အား မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဦးမိုးကျော်နှင့် ဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ ကျန်းမာရေးဌာနမှ ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ စားသောက်ဆိုင်ပိုင်ရှင်များအား ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ လိုက်နာ ဆောင်ရွက်ကြ ရန်၊ ဆိုင်ထိုင်စနစ်ဖြင့် ရောင်းချမှုမပြုကြရန်၊ ပါဆယ်စနစ်ဖြင့်သာ ရောင်းချကြရန် ရောင်းချရာတွင်လည်း နှာခေါင်းစည်း Mask တပ်ဆင်ရောင်းချရန်၊ မကြခဏလက်ဆေးရန်တို့အား အသိ ပညာပေး ပြောကြားခဲ့သည်။
ကော့မှူးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ(၇၄)ဦးထိ ရှိလာပြီး သံသယဖြစ်လက္ခဏများ ဖြစ်သော ဖျားနာခြင်း၊ ချောင်းဆိုးခြင်း၊ ခေါင်းကိုက်ခြင်း၊ လည်ချောင်းနာခြင်း၊ အနံ့ပျောက်ခြင်း စသည့် လက္ခဏများဖြစ် ပေါ်လာပါကနီးစပ်ရာ ကျန်းမာရေးဌာနများသို့ သွားရောက်ပြသစစ်ဆေးကြရန်နှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့် အညီလိုက်နာဆောင်ရွက်ကြပါရန် တို့အား Hand Speaker များဖြင့်လည်း အသိပညာပေးမှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။
ကျော်သူရ