မြိတ်မြို့တွင် ကျောင်းသား/သူများနှင့် ဆရာ/မများအတွက် နှာခေါင်းစည်းများနှင့် လက်သန့်ဆေးရည် လှူဒါန်းပေးအပ်

မြိတ် ဇူလိုင် ၈

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်အတွင်းရှိ စာသင်ကျောင်း(၁၅၈)ကျောင်းတွင် ပညာသင်ကြားနေ ကြသော ကျောင်းသား/သူ(၁၅၉၉၆)ဦးနှင့် ဆရာ/မများအား ကိုဗစ်-၁၉ ကာကွယ်ရေးအတွက် နှာခေါင်းစည်းများနှင့် လက်သန့်ဆေးရည်များကို ယနေ့နံနက်ပိုင်းက မြိတ်ခရိုင် စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက သွားရောက် လှူဒါန်းပေးအပ်ခဲ့ကြသည်။

နှာခေါင်းစည်းများနှင့် လက်သန့်ဆေးရည်များ လှူဒါန်းရာတွင် မြိတ်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဉာဏ်ဇော်နှင့် တာဝန်ရှိသူများက ကျောင်းသား/သူတစ်ဦးလျှင် နှာခေါင်းစည်း(၄)ခုစီနှင့် ဆရာ/မများနှင့် ကျောင်းအတွက် နှာခေါင်းစည်းများနှင့် လက်သန့်ဆေးရည်များကို ကျောင်းများ အလိုက် သွားရောက်လှူဒါန်းခဲ့ကြပြီး ကျောင်းအုပ်ကြီးများနှင့် တာဝန်ခံများအား ပညာသင်ကြားရာတွင် ကျောင်းသား/သူများအား နှာခေါင်းစည်းများ စနစ်တကျ တပ်ဆင်၍ ပညာသင်ကြားပေးကြရန်နှင့် ကိုဗစ်-၁၉ ကာကွယ်ရေး ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ကြရန် မှာကြားခဲ့သည်။

နှာခေါင်းစည်းများကို မြိတ်မြို့နယ်အတွင်းရှိ အထက်တန်းကျောင်း၊ အလယ်တန်းကျောင်း၊ မူလတန်းကျောင်း စုစုပေါင်း (၁၄၄)ကျောင်းနှင့် ဘုန်းတော်ကြီး သင်ပညာရေးကျောင်း (၈)ကျောင်းရှိ ကျောင်းသား/သူ စုစုပေါင်း(၁၅၉၉၆)ဦးနှင့် ဆရာ/မများအတွက် နှာခေါင်းစည်း စုစုပေါင်း (၁၃၀၀)ဘူးကို ကျောင်းများသို့ သွားရောက် ပေးအပ်လျက်ရှိကြောင်း သိရသည်။

ခိုင်ထူး