တံတားဦးမြို့နယ်တွင် အစိမ်းရောင်ကျေးလက်ဒေသဖွံ့ဖြိုးရေး( Green Growth) သင်တန်းဖွင့်လှစ်

တံတားဦး   ဇူလိုင်  ၉

ကျောက်ဆည်ခရိုင်၊ တံတားဦးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ရေရှည်ဖွံ့ဖြိုးတိုးတက်သော ကျေးရွာများ ပေါ်ထွန်းလာရေးအတွက် အထောက်အကူပြုသည့် အစိမ်းရောင် ကျေးလက်ဒေသဖွံ့ဖြိုးရေး ( Green Growth ) သင်တန်းဖွင့်လှစ်ခြင်းကို  ယနေ့နံနက်(၁၀)နာရီက တံတားဦးမြို့နယ် ပန်းယျကျေးရွာ ရတနာမဉ္ဇူဘုရားဓမ္မာရုံ၌ ကျင်းပကြောင်းသိရသည် ။

သင်တန်းဖွင့်ပွဲတွင် တံတားဦးမြို့နယ် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးမှူး ဦးကျော်ကျော်ညွန့်နှင့် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဦးစီးမှူး ဒေါက်တာဇော်မင်းဦးတို့က အမှာစကားအသီးသီး ပြောခဲ့ပြီး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးမှူး ဒေါ်ချောယဉ်စုက သင်တန်း ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များမှာ အစိမ်းရောင်ကျေးလက်ဒေသဖွံ့ဖြိုးရေး သဘောတရားများကို အကောင်အထည်ဖော်ဆောင်ရွက်နေသော စီမံကိန်းများတွင် ထည့်သွင်းကျင့်သုံးလိုက်နာခြင်းအားဖြင့် “ သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေမှုရှိပြီး၊ ရေရှည်ဖွံ့ဖြိုးတိုးတက်သောကျေးရွာများ ပေါ်ထွန်းလာစေရေးနှင့် ကျေးရွာလူနေမှုဘဝများ အဆင့်မြင့်မားတိုးတက်စေရေးတို့အတွက် ရည်ရွယ်ပါကြောင်း၊ထို့အပြင် မိမိတို့ဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်နေသော ကျေးရွာအခြေပြုဖွံ့ဖြိုးရေးစီမံကိန်းများတွင် ထည့်သွင်းကျင့်သုံးအကောင်အထည်ဖော်ရန်ဖြစ်ပြီး လိုက်နာဆောင်ရွက်သော ကျေးရွာများကို သက်ဆိုင်ရာအပိုင်းလိုက် အမှတ်ပေးစည်းမျဉ်းများနှင့်အညီ အမှတ်ပေးသွားမည် ဖြစ်ကြောင်းပြောကြားသည်။

အဆိုပါသင်တန်းဖွင့်လှစ်ပွဲသို့  ဌာနဆိုင်ရာများ၊ တံတားဦးမြို့နယ်အတွင်း ကျေးရွာ(၆)ရွာမှ တစ်ရွာလျှင် သင်တန်းသား/သူ(၃)ဦးနှုန်းဖြင့် စုစုပေါင်းသင်တန်းသား/သူ(၁၈)ဦးတက်ရောက်ကြကြောင်းသိရသည်။

ရဲတင့်(တံတားဦး)