ဟိုပုံး ဇူလိုင် ၉
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေးအတွက် နှာခေါင်းစည်းများဖြန့်ဝေခြင်းကို ဇူလိုင်လ(၉)ရက် ယနေ့ နံနက် ၈ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့ ပြည်ထောင်စုလမ်းမကြီးတွင် ပြုလုပ်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဆန်းထွန်းနှင့် ဝန်ထမ်းများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့နှင့် Volunteer အဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့က နှာခေါင်းစည်း (Mask) များဖြန့်ဝေပေးခဲ့ကြသည်။ ဆက်လက်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဆန်းထွန်းနှင့် တာဝန်ရှိသူများက ခရီးသွားပြည်သူ များနှင့် ဈေးရောင်း၊ ဈေးဝယ် ပြည်သူများအား နေအိမ်မှ အပြင်သို့ ထွက်ခွာသည့်အချိန်တိုင်း၊ လူစည်ကားရာ နေရာများသို့ သွားလာသည့် အချိန်တိုင်း နှာခေါင်းစည်း(Mask)များစနစ်တကျ တပ်ဆင်ကြရန်နှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ ပြည်သူများအား အသိပညာပေး ပြောကြားခဲ့ ကြောင်းသိရသည်။
ခရိုင်(ပြန်/ဆက်)