လောင်းလုံး မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး အသိပညာပေးခြင်းနှင့် နှာခေါင်းစည်း Mask များ ဖြန့်ဝေ

လောင်းလုံး  ဇူလိုင် ၉

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်မှု ပြန့်ပွားမှု မရှိစေရေးအတွက် ယနေ့နံနက်ပိုင်းက လောင်းလုံး မြို့နယ်အတွင်းရှိ မြို့မစျေးနှင့် လမ်းဆုံနေရာများ၌ နှာခေါင်းစည်းများ ဖြန့်ဝေခြင်းများနှင့် အသိပညာပေးခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထို့သို့ဆောင်ရွက်ရာ၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်မှု ရရှိစေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးမှူး ဦးအောင်ထိုက်နှင့် အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ ပြည်သူများ နေအိမ်ပြင်ပ ထွက်ခွာပါက နှာခေါင်းစည်း Mask များ စနစ်တကျ တပ်ဆင်သွားလာခြင်း ရှိ/မရှိ စစ်ဆေးခြင်း၊ နှာခေါင်းစည်း Mask တပ်ဆင်ခြင်း မရှိသူများအား နှာခေါင်းစည်း Mask များ ဝယ်ယူတပ်ဆင်ခြင်းအပြင် အသိပညာပေးခြင်းများ ပြောကြား ဆောင်ရွက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ကိုဗစ်-၁၉ရောဂါ ကြိုတင်တားဆီးကာကွယ်ရေးအတွက် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော (Stay at Home) အစီအစဉ်တွင် အကျုံးဝင်သော ပြည်သူများ လိုက်နာရန် စည်းကမ်းချက်များ လိုက်နာမှု ရှိ/မရှိ စစ်ဆေးခြင်း တို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။