ပင်လုံ ဇူလိုင် ၉
ပင်လုံမြို့၊ ရပ်ကွက်(၂)၊ ရွှေပြည်သာတွင် နေထိုင်သူ ယမန်နေ့ နေ့လည်ပိုင်းက ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ရှိခဲ့သည့် အမျိုးသားနှင့် ထိတွေ့မှုရှိခဲ့သော ပင်လုံမြို့ရပ်ကွက်(၃) တွင်နေထိုင်သည့် ၎င်း၏ယောက္ခမတော်စပ်သူမိသားစု (၄)ဦးအား ယမန်နေ့ည (၇:၀၀) နာရီအချိန် က ပင်လုံမြို့ ပြည်သူ့ဆေးရုံမှ တာဝန်ရှိသူများက RDT Test Kit ဖြင့်စစ်ဆေးရာ အမျိုးသား (၁)ဦးနှင့် အမျိုးသမီး (၂)ဦး၊ စုစုပေါင်း (၃)ဦး တို့ထံတွင် ကိုဗစ်-၁၉ ရောဂါပိုး ထပ်မံတွေ့ရှိခဲ့ကြောင်းနှင့် ကျန်မိသားစုဝင် (၁)ဦးမှာ ကိုဗစ်-၁၉ ရောဂါပိုး မတွေ့ရှိ ကြောင်း သိရသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါပိုး ထပ်မံတွေ့ရှိသူ (၃)ဦးအား ပင်လုံမြို့ အထွေထွေရောဂါကုဆေးရုံကြီး အထူးကြပ်မတ်ကုသဆောင်တွင် သီးသန့်ထားရှိ၍ ဆေးကုသပေးလျှက်ရှိပြီး၊ ကိုဗစ်-၁၉ ရောဂါပိုး မတွေ့ရှိသည့် ကျန်မိသားစုဝင် (၁)ဦးအား နေအိမ်တွင် (Home Quarantine) ထားရှိ၍ အသွားအလာကန့်သတ်ဆောင်ရွက်ထားပြီး၊ ၎င်း ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ရှိခဲ့သည့် အသက်(၃၁)နှစ်အရွယ် အမျိုးသားနှင့် ထိတွေ့မှုရှိခဲ့သူများအားလုံး အသွားအလာ ကန့်သတ်ထားရှိနိုင်ရေးအတွက် အမြန်ဆုံးစစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်းနှင့် ပင်လုံမြို့တွင် ကိုဗစ်-၁၉ ပိုးတွေ့ရှိသူ စုစုပေါင်း (၇)ဦးရှိပြီဖြစ်ကြောင်း ပင်လုံမြို့ ကျန်းမာရေးဌာနထံမှ သိရသည်။
ပင်လုံ (ပြန်/ဆက်)